ထားဝယ် အထူးစီးပွားရေးဇုံ စီမံကိန်းမှာ ပြည်ပ အစုရှယ်ယာရှင်တွေလို
2012.01.23

ဒီစီမံကိန်းအတွက် လိုအပ်တဲ့ရန်ပုံငွေကို ချေးငွေ၊ အစုရှယ်ယာ ထည့်ဝင်မှုနဲ့ ဖက်စပ်လုပ်ငန်းရှင်တွေ အပေါ် မူတည်ပြီး ရှာဖွေမယ်လို့ DDC ထားဝယ် ဖွံ့ဖြိုးရေးကုမ္ပဏီ ညွှန်ကြားရေးမှူးက ဆိုပါတယ်။ တရုတ် ဂျပန် တောင်ကိုးရီးယား တို့ကို ပြည်ပက ဖက်စပ် လုပ်ကိုင်မယ့် အစုရှယ်ယာရှင်တွေ အဖြစ် ဖိတ်ခေါ်ပေမယ့် ဟန်ချက်ညီညီ ပါဝင်ဖို့အရေးကြီးတယ်လို့ ပြောပါတယ်။
ဒီစီမံကိန်းအတွက် ITD အနေနဲ့ ၅၁ ရာခိုင်နှုန်း ထည့်ဝင်ကာ စီမံကိန်းကို ဦးဆောင် အုပ်ချုပ်ပြီး Max Myanmar ကုမ္ပဏီက ၂၅ ရာခိုင်နှုန်း ထည့်ဝင်မယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဆိုပါတယ်။ ထားဝယ် အထူး စီးပွားရေးဇုံ စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ဘီလျံ ၅၀ လိုအပ်တယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရက ITD ကို ဒီစီမံကိန်းအတွက် မြေဧရိယာ ၂၅၀ ကီလိုမီတာ ပတ်လည်မှာ လုပ်ပိုင်ခွင့် ၇၅ နှစ် ခွင့်ပြုခဲ့ပါတယ်။
ထားဝယ်စီမံကိန်းမှာ အဝေးပြေးလမ်းမတွေ၊ သံမဏိစက်ရုံ၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ သင်္ဘောကျင်း၊ စက္ကူနဲ့ ပျော့ဖတ်စက်ရုံ၊ ရေနံသန့်စင်စက်ရုံအပြင် ဂေါက်ကွင်းနဲ့ ဟိုတယ်တွေ ပါဝင်မယ်လို့ သိရပါတယ်။