ဒေသဖွံ့ဖြိုးရေး စတင်နိုင်မှ SEZ စီမံကိန်း စတင်ဖို့တောင်းဆို
2015.12.27

ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းကို ဒေသခံတွေ အလုပ်အကိုင်ရရှိရေးနဲ့ ဒေသဖွံ့ဖြိုးရေး စတင်ဆောင်ရွက်နိုင်မှသာ စတင်အကောင်အထည်ဖော်ဖို့ ကျောက်ဖြူမြို့ဒေသခံတွေက မနေ့က တောင်းဆိုလိုက် ပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဖို့ သတ်မှတ်ထားတဲ့ နေရာအနီးက ရှောက်ချောင်းကျေးရွာ မှာ ဒေသခံတွေ တွေ့ဆုံပွဲကနေ တောင်းဆိုလိုက်တာဖြစ်ကြောင်း ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေး အသင်းက ကိုထွန်းကြည်က ပြောပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို ကပ်သပြေအုပ်စု၊ ကြတ္တိန်အုပ်စု၊ ချောင်းဝအုပ်စု၊ စတဲ့ ကျေးရွာအုပ်စု ၅ စုက မြေဧက လေးထောင်ကျော်မှာ အကောင်အထည်ဖော်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ရှောက်ချောင်းကျေးရွာမှာကျင်းပတဲ့ တွေ့ဆုံပွဲကို ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) အကောင် အထည်ဖော်ဆောင်ရွက်မယ့် စီမံကိန်းဧရိယာထဲပါဝင်တဲ့ ဒေသခံတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၅ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။
ကျောက်ဖြူမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ဝ ရက်နေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဖက်လူမှု အဖွဲ့အစည်း များဖိုရမ်ကလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ တောင်ကုတ်မြို့နယ်က နေပူတောင် စီမံကိန်းတွေ ကို ဒေသခံပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဆောင်ရွက်မှုမရှိတာကြောင့် ရပ်ဆိုင်းထားဖို့ တောင်းဆိုထားပါတယ်။
ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေး အသင်းက ကိုထွန်းကြည်ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။