ထားဝယ် အထူးစီးပွားရေဇုန် စီမံခန့်ခွဲမှုကော်မတီ ဒေသခံတွေနဲ့တွေ့ဆုံ

ထားဝယ် အထူးစီးပွားရေးဇုန်ရဲ့ ကနဦး စီမံကိန်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ဆန်းစစ်မှု အစီရင်ခံစာတွေ လူမှုပတ်ဝန်းကျင် ဆန်းစစ်မှု အစီရင်ခံစာတွေနဲ့ ပတ်သက်တဲ့ ပြည်သူကြားနာပွဲကို ဒီနေ့ ထားဝယ်အထူးစီးပွားရေးဇုန် ရှင်းလင်းဆောင်မှာ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထိုင်းနိုင်ငံက ချေးငွေနဲ့ ထားဝယ်အထူးစီးပွားရေးဇုန် - ထီးခီးလမ်း နှစ်လမ်းသွား အဆင့်မြှင့်တင်တာနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့ပါတယ်။
ပြီးခဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ NEDA ကနေ ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံ ချေးယူကာ ထားဝယ်ရေနက်ဆိပ်ကမ်း - ထီးခီး နှစ်လမ်းသွား အဆင်မြှင့်တင်ဖို့ သဘောတူထားပါတယ်။
အဲဒီချေးငွေကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ချေးယူကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းဒီဇိုင်းနဲ့ ကြီးကြပ်ဆောက်လုပ်မှာဖြစ်ပါတယ်။
အဲဒီလမ်းကို အဆင့်မြှင့်တင်ဖို့ ထိုင်းနိုင်ငံ ချေးငွေ ရယူထားတာဖြစ်တာကြောင့် ထိုင်းနိုင်ငံ စံနဲ့ ထိုင်းကုမ္ပဏီကို တင်ဒါခေါ်ယူသွားမယ်လို့ ထားဝယ် အထူးစီးပွားရေဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယ ဥက္ကဌ ဒေါက်တာမြင့်စန်း က ပြောပါတယ်။
အဲဒီလမ်း ဖောက်လုပ်ရင်ပါဝင်မယ့်နေရာတွေကို လျော်ကြေးညှိနှိုင်းရမှာဖြစ်တာကြောင့် နောက်ထပ် ၆ လ အကြာမှာ အကောင်ထည်ဖော်နိုင်မယ်လို့ သိရပါတယ်။
လက်ရှိ ထားဝယ် အထူးစီးပွားရေးဇုန် - ထီးခီးလမ်းဟာ မီတာ ၄၀ ကျယ်မှာဖြစ်ပြီး ကျေးရွာ ၁၅ ရွာ ကို ဖြတ်သန်း ဖောက်လုပ်မှာဖြစ်ပြီး နေအိမ် ၁၁၇ လုံး ပြောင်းရွှေ့ပေးရမှာဖြစ်ပါတယ်။
အရင် အီတာလျံထိုင်း ဖောက်လုပ်တဲ့လမ်းဟာ ၃၈ ကီလိုမီတာအထိ လျော်ကြေးပေးချေထားပေမယ့် တချို့ မရရှိတာတွေလည်းရှိပါတယ်။
အရင်က ဥယျာဉ်ခြံတွေကို လမ်းအရင်ဖောက်ပြီးမှ ကုမ္ပဏီကတွက်ချက်ပေးတဲ့ သီးနှံလျော်ကြေးကို ဒေသခံတွေ ရရှိတာဖြစ်ပါတယ်။
ဒီတစ်ကြိမ် လမ်းအဆင့်မြှင့်မယ်ဆိုရင် ဒေသခံတွေနဲ ညှိနှိုင်းပြီးမှ ဆောင်ရွက်စေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ လမ်းထိခိုက်တဲ့နေရာတွေအတွက် မြေယာလျော်ကြေး ဘယ်လောက်ပေးမယ်ဆိုတာတော့ အသိပေး ပြောတာမရှိပါဘူး။
ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက အကောင်ထည်ဖော်ခဲ့ပေမယ့် ရပ်နားထားရတဲ့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည်အကောင်ထည်ဖော်နိုင်ဖို့အတွက် အစိုးရသစ်လက်ထက်မှာ ပြင်ဆင်နေတာဖြစ်ပါတယ်။