ထားဝယ် ရေနက်ဆိပ်ကမ်းအရေး သတင်းစာရှင်းလင်းပွဲ လုပ်

ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံကိန်းကို ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှု စီမံကိန်းတစ်ခု ဖြစ်စေလိုကြောင်း ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအဖွဲ့က မနေ့က သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

2011.12.15
tavoy-map-305 ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် ထားဝယ်မြို့ (Tavoy) တည်နေရာကို မြန်မာပြည် မြေပုံပေါ်တွင် ခရမ်းရောင် စက်ဝိုင်းဖြင့် ပြထားပါသည်။
Image: RFA

နေရာ ရွှေ့ပြောင်းပေးရတာတွေ ရှိရင်လည်း ဒေသခံတွေရဲ့ ဘဝရပ်တည်ရေးကို မထိခိုက်တဲ့ စီမံကိန်းအဖြစ် အကောင်အထည် ဖော်စေလိုကြောင်း၊ နစ်နာကြေးကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ထိုက်ထိုက်တန်တန် ပေးဖို့နဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မယ့် စီမံကိန်းမျိုး မဖြစ်စေလိုကြောင်း တင်ပြသွားပါတယ်။

ပြောင်းရွှေ့ ပေးရမယ့် ရွာအရေအတွက်၊ မြေနေရာ အကျယ်အဝန်း စတာတွေကို ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ အမှုဆောင်တစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။

“လူဦးရေ ၃ သောင်းကျော် ရှိတယ်၊ ရွာပေါင်းက ၁၉ ရွာ၊ နယ်မြေ အကျယ်အဝန်းက ၂၅ဝ စတုရန်း ကီလိုမီတာ ရှိမှာပါ။ ဧက တစ်သိန်း ခြောက်သောင်း ကျော်မှာပါ။ အဲဒီလို သူတို့ ဝိုင်းထားပြီးတော့ သစ်ပင်တွေ ရေတာတွေ၊ အိမ်တွေကို ဓာတ်ပုံ ရိုက်တာတွေ၊ အိမ်ရှေ့မှာ အိမ်ရှင်တွေကို ဓာတ်ပုံရိုက်တာတွေ၊ လက်မှတ်ထိုးခိုင်းတာတွေ၊ ကိုယ့်ခြံ ပါသွားတာတောင်မှ သူတို့ဆီမှာ ကျနော်တို့ခြံကို သစ်ပင်အရေအတွက်နဲ့ ရောင်းချင်လို့ ကမ်းလှမ်းတဲ့ပုံစံမျိုးဖြစ်အောင် ပုံစံတွေထုတ်ပြီး လက်မှတ်ထိုးခိုင်းတာတွေ ရှိတယ်”

ရေနက်ဆိပ်ကမ်းဆောက်မယ့် နဘုလယ်ဒေသ ရွာ ၅ ရွာနဲ့ ရေကာတာ ဆောက်မယ့်နေရာက ၇ ရွာ ကို ပထမ ပြောင်းရွှေ့ပေးရမှာလို့လည်း သူက ဆိုပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို နေရာပြောင်းရွှေ့ပေးရသူတွေ၊ ပြောင်းရမယ်လို့ စာရင်းပေါက်နေသူတွေ ကိုယ်တိုင် လာရောက် ဆွေးနွေးတယ်လို့လည်း အမှုဆောင်က ဆက်ပြောပါတယ်။

အခုအခါ လူပေါင်း ၅ဝဝ ကျော် လက်မှတ်ရေးထိုးထားပြီး သတင်းစာရှင်လင်းပွဲကို တက်ရောက်တဲ့ သတင်းထောက်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အသီးသီးက ပုဂ္ဂိုလ်တွေရဲ့ လက်မှတ်တွေကိုလည်း ကောက်ခံမယ်လို့ သိရပါတယ်။ ရရှိတဲ့ လက်မှတ်တွေကိုတော့ နိုင်ငံတော် သမ္မတဆီ ပေးပို့ပြီး ဒေသခံတွေရဲ့ ဆန္ဒနဲ့အညီ ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ဖို့ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-15 23:35

ထားဝယ်သားများ ခုလို ညီညီညွတ်ညွတ်နဲ့ ကိုယ့်ဒေသ ကိုယ့်အခွင့်အရေးကို ရဲရဲဝံ၀ံတောင်းဆိုတာ ဂုဏ်ယူ ချီးကျူးပါတယ်။ လူ့အခွင့်အရေးဆိုတာ မွေးရာပါအခွင့်အရေးပါ မည်သူတစ်ဦးတစ်ယောက်မှ ထိပါးလို့မရပါ။ ပြောသင့်တာကို ပြောကြဖို့လိုပါတယ်။ ထားဝယ်ဒေသဟာ သဘာဝအရ အလွန်လှပတဲ့နေရာဖြစ်လို ယခု ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ အလွန်အန္တရယ်များတဲ့ စီမံကိန်းဖြစ်ပါတယ်။ နောက်လားနောင်သားတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးကို ပေးဖို့များပါတယ်။ ထားဝယ်သားတွေရဲ့ သတိကို လေးစားချီးကျူးပါတယ်။

Anonymous
2012-01-23 19:02

ကျေးရွာတွေကိုပြောင်းခိုင်းရင်တော့တန်ရာတန်ကြေးပေးသင့်တာပေါ့
ဒါမှသူ့တို့ဘဝဆက်လက်ရပ်တည်နိုင်မှာလေ။လူသားချင်းစာနာကြစေချင်ပါတယ်။