ကန့်ကွက်မှုရှိနေတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံ စီမံကိန်း ရပ်ဆိုင်း

ထားဝယ် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ရပ်ဆိုင်းလိုက်တယ်လို့ အမှတ် (၂) လျှပ်စစ်စွမ်းအား ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ရန်ကုန် အလုံမြို့နယ် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနရုံးမှာ ဒီနေ့မနက်ပိုင်းက လုပ်တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောလိုက်ကြောင်း တက်ရောက်တဲ့ စာနယ်ဇင်းသမားတွေက ဆိုပါတယ်။

2012.01.09
tavoy-map-305 ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် ထားဝယ်မြို့ (Tavoy) တည်နေရာကို မြန်မာပြည် မြေပုံပေါ်တွင် ခရမ်းရောင် စက်ဝိုင်းဖြင့် ပြထားပါသည်။
Image: RFA

ဝန်ကြီးက သဘာဝပတ်ဝန်းကျင် ထိခိုက်မယ့် ကိစ္စမျိုးတွေကို ရှောင်ရှားသွားမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။ ထားဝယ် ရေနက်စီမံကိန်းမှာ ပါဝင်တဲ့ ကျောက်မီးသွေး ဓာတ်အားသုံး ဓာတ်အားပေး စီမံကိန်းဟာ ကျောက်မီးသွေးကနေ လျှပ်စစ် မီဂါဝပ် ၄၀၀၀ ထုတ်လုပ်မှာပါ။

အခုလို ကျောက်မီးသွေးသုံး ဓာတ်အားပေး စီမံကိန်းကို အစိုးရက ရပ်ဆိုင်းလိုက်တာကို ထားဝယ် ဒေသခံ ပြည်သူတွေနဲ့ ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

ကျောက်မီးသွေး ဓာတ်အားထုတ်လုပ်တဲ့ စက်ရုံတွေကြောင့် လေနဲ့ ရေ ညစ်ညမ်းပြီး ရေရှည်မှာ ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်ရတာကြောင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ဆိုရင် ဘယ်လို ပုံစံမျိုးနဲ့မှ လက်ခံမှာ မဟုတ်ဘူးလို့ ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ရဲ့ အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးစိုးသိန်းက အာရ်အက်ဖ်အေကို ပြောပါတယ်။

ထိုင်းနိုင်ငံ Italian-Thai ကုမ္ပဏီက ထားဝယ်ရေနက် ဆိပ်ကမ်း အကောင်အထည်ဖေါ်ရေးမှာ အမေရိကန်ဒေါ်လာ သန်းငါးသောင်း နီးပါး အကုန်ခံပြီး တည်ဆောက်မယ့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမျိုးစုံထဲမှာ ကျောက်မီးသွေး ဓာတ်အားသုံး လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတွေ တည်ဆောက်ဖို့ လျာထားတာပါ။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ အရင်က အလားတူ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် ထိုင်းဒေသခံတွေက ကန့်ကွက်ခဲ့တဲ့ အတွက် အခုလို ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းမှာ အကောင်အထည်ဖေါ်ဖို့ ကြိုးပမ်းခဲ့တာလို့ ဦးစိုးသိန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။