ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲမှု လုပ်သားလေးဦး သေဆုံး
2019.05.28

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ခုံသာကျေးရွာအုပ်စု ကြက်ဖနက်ချောင်းဖျားဒေသမှာရှိတဲ့ ထူးဟန်သစ် ကုမ္ပဏီ ကျောက်မီးသွေးမိုင်းတွင်းမှာ မနေ့ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် မိုင်းလုပ်သားလေးဦး သေဆုံးပြီး၊ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီကျောက်မီးသွေးမိုင်းတွင်းရဲ့ အနက်ပေ ၃၀၀ ခန့်မှာ မနေ့ညက တူးဖော်နေစဉ် ပေါက်ကွဲမှုဖြစ်ခဲ့ရာ အောက်ဆီဂျင်ပြတ်ပြီး လုပ်သားလေးဦး သေဆုံးခဲ့တာလို့ ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးညီညီ က RFA ကိုပြောပါတယ်။
လတ်တလောမှာ အဲဒီမိုင်းတွင်းကို မြို့နယ်သတ္တုတွင်းဦးစီးဌာန တာဝန်ခံရဲ့ ညွှန်ကြားချက်နဲ့ ယာယီပိတ်ထားပြီး ကလေးမြို့မရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ထူးဟန်သစ်ကုမ္ပဏီဟာ ကြက်ဖနက်ချောင်းဖျားဒေသမှာ ၂၀၁၄ ခုနှစ်က စတင်ကာ ကျောက်မီးသွေးတူးဖော်ခွင့် ရရှိထားတာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ လုပ်ပိုင်ခွင့်ကုန်ဆုံးမှာဖြစ်တယ်လို့ ဦးညီညီက ပြောပါတယ်။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ အုပ်ချုပ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာ ရရှိသူတွေရဲ့ မိသားစုဝင်တွေကို ကုမ္ပဏီဘက်က နစ်နာကြေးပေးဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့တာပါ။