တောင်တွင်းကြီး ဆူပူမှု တရားခံအစစ်အမှန် ဖမ်းမိရေး ညွှန်ကြား


2017.09.17
dr-aungmoenyo-622 မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကို တွေ့ရစဉ်
Photo: RFA

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်တချို့ ကို ခဲနဲ့ပစ်ပေါက်ပြီး ဆူပူမှုဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့ဖြစ်စဉ် ရဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်သူ တွေနဲ့ တရားခံအစစ်အမှန် ဖမ်းဆီးရမိရေး ဆောင်ရွက်ဖို့ တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးကို ညွှန်ကြားထားတယ်လို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြောပါတယ်။

ဒီနေ့ နေပြည်တော်က ယူနီစန်လက်ဖက်ရည်မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီအစည်းအဝေး အပြီးမှာ ဒေါက်တာအောင်မိုးညိုက ပြောတာဖြစ်ပါတယ်။

"နောက်ကွယ်က အဖွဲ့အစည်း ရှိလား မရှိလား၊ ဘယ်သူတွေ ပါတယ်၊ မပါတယ်ကိုတော့ ကျနော်ကတော့ မှန်မှန်ကန်ကန် တရားခံအစစ်ကို သက်ဆိုင်ရာ နယ်လုံဝန်ကြီးကို ညွှန်ကြားထားတယ်၊ အခြေအနေက မတန်သေးဘူးလို့ ကျနော်တို့ သိတယ်မဟုတ်လား၊ နောက်ကွယ်က မောင်ဖြူက ခိုင်းတာပါ၊ မောင်မဲက ခိုင်းတာပါ၊ အတိအကျ ပြောလို့မရဘူး၊ စုံစမ်းစစ်ဆေးနေပါတယ်၊ ဒီလောက်ပဲ ပြောလို့ရပါတယ်"

ဒီနေ့ အစည်းအဝေးဆုံးဖြတ်ချက်တွေနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုတော့ သတင်းထုတ်ပြန် ဖို့မရှိဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ညက တောင်တွင်းကြီးမြို့အုန်းတော ၁ ရပ်ကွက်က အစ္စလာမ် ဘာသာဝင် တစ်ဦးရဲ့ နေအိမ်ကို လူငယ် ၅၀ခန့်က ခဲတွေနဲ့ စတင်ပစ်ပေါက်ခဲ့ပြီး နိုင်ငံတော် သီချင်းသီဆိုကာ ရွှေကြာအင်း ၁ ရပ်ကွက်က ဗလီကို ထွက်သွားတာကြောင့် မြို့နယ်ရဲတပ်ဖွဲ့က ဗလီမှာ ပိတ်ဆို့ကာကွယ်ခဲ့ရပြီး လူဦးရေ ၄၀၀ လောက် စုဝေးမှုဖြစ်ခဲ့ပါတယ်။

အဲဒီလူစုလူဝေးကို ရဲတပ်ဖွဲ့ဝင်တွေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ လုံခြုံရေးအဖွဲ့တွေက ဒိုင်းတွေ၊ ရာဘာကျည်တွေ အသုံးပြုပြီး လူစုခွဲခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထားပြီး နာကျင်စေမှု၊ မတရားတားဆီးမှု၊ ဆူပူအုံကြွအောင် လုပ်ဆောင်မှုစတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထား တယ်လို့ သိရပါတယ်။

အဲဒီလို ခဲတွေနဲ့ပစ်ပေါက်မှုကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တချို့နဲ့ ဈေးဆိုင်စုစုပေါင်း ၈ ဆိုင် လောက် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။