တောင်တွင်းကြီးက မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးကွဲ
2021.07.26
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစည်သူရှိန်းရဲ့နေအိမ်မှာ ဇူလိုင် ၂၆ ရက် ဒီကနေ့မနက် ၄ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီး လူသေဆုံးထိခိုက်မှုမရှိပေမဲ့ နေအိမ်အနည်းငယ် ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကွဲမှုကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကနေ မီးခိုးတွေ အူထွက်လာတာကို မြင်တွေ့ရ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်တွင်းကြီးမြို့ခံတစ်ဦးက ပြောပါတယ်။
''မနက်အစောကြီး အသံကြားလို့ အိမ်ရှေ့ထွက်ကြည်လိုက်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်က မီးခိုးတွေ ထွက်နေတာ။ ဘာတွေဖြစ်သွားလည်းတော့ မသိဘူး။ စစ်ကားတွေရောက်လာပြီး လမ်းတွေပိတ်ပြီး လမ်းသွားလမ်းလာတွေကို စစ်နေတယ်''
ပြီးခဲ့တဲ့မေလထဲမှာ ဖွဲ့စည်းလိုက်တဲ့ ဒေသအခြေစိုက် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီဗုံးကွဲ မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ဒီကနေ့မနက် ၁၁ နာရီလောက်မှာ ချက်ချင်းကြေညာချက်ထုတ်ပြန်ပြီး အသိပေးခဲ့ပါတယ်။
အဲဒီကြေညာချက်မှာ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ် က သူတို့ရဲ့ ခုခံကာကွယ်ရေးတပ်မတော်ကို တောင်တွင်းကြီးအပါအဝင် မကွေးတိုင်းထဲက မြို့နယ် ငါးခုနဲ့ ဖွဲ့စည်းထားတယ်လို့ ဖော်ပြထားပါတယ်။
စည်းလုံးပြီး အင်အားတင့်တင်းတဲ့ တပ်မတော်ဖြစ်အောင် မကွေး၊ မြို့သစ်၊ နတ်မောက်၊ တောင်တွင်းကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစုပေါင်းပြီး ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းထားတာလို့ ဗိုလ်ထန်ထွဋ် ကဆိုပါတယ်။
ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ မေလ ၂၃ ရက်ကစလို့ ဒီကနေ့ ဇူလိုင် ၂၆ ရက်နေ့အထိ နှစ်လ အတွင်းမှာ မကွေး၊ နတ်မောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ ဆင်ပေါင်ဝဲ စတဲ့မြို့နယ်တွေမှာရှိတဲ့ မြန်မာ့ စီးပွားရေးဘဏ်နဲ့ ပညာရေးမှူးရုံးတွေမှာ လုံခြုံရေးယူနေတဲ့ ရဲနဲံစစ်သားတွေအပြင် အမှတ် (၁၀၃) ခြေမြန် တပ်ရင်းအဝင်ဂိတ်၊ စစ်တပ်သတင်းပေး စတဲ့ပစ်မှတ်တွေကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း ဒီကနေ့ ထုတ်ပြန် တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး RFA က သီခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစည်သူရှိန်းရဲ့ နေအိမ်ဗုံးကွဲမှုကြောင့် ရဲနဲ့စစ်တပ်က နေအိမ်အနီးတစ်ဝိုက်လမ်းတွေကို ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။