တောင်တွင်းကြီးဆူပူမှုနဲ့ ဆက်စပ်တဲ့ ၇ဦး ထွက်ပြေးတိမ်းရှောင်
2017.10.02

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင် ပတ်သက်သူ ၇ ဦး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်း က ပြောပါတယ်။
လက်ရှိ ဖမ်းဆီးထားတဲ့ ၇ ဦးကို စစ်ဆေးရာမှာ နောက်ထပ်ပါဝင်သူ ၇ ဦးကို ထပ်မံသိရှိရပြီး ရဲစခန်းက ခေါ်ယူရာ မှာ ထွက်ပြေးတိမ်းရှောင်နေတာဖြစ်တယ်လို့ ဦးဇော်မင်းထွန်း က ပြောပါတယ်။
"၇ ဦးထဲက တစ်ဦးနဲ့ ပတ်သက်တာ ၃ ဦးရှိတယ်၊ အဲဒီ ၃ ဦးကို ရဲစခန်းကို ခေါ်ယူပြီးတော့ စစ်ဆေးတဲ့အခါ မှာ သူတို့က အစစ်ဆေးမခံဘဲနဲ့ တိမ်းရှောင်နေတယ်ပေါ့နော်၊ ကျန်တဲ့ ၆ ယောက်ထဲမှာ အဲဒီ ၆ ယောက်နဲ့ ပတ်သက်နေတာက ၄ ယောက်တွေ့တယ်၊ ဒီရဲတပ်ဖွဲ့အနေနဲ့ လှမ်းပြီးဆက်သွယ်တယ်၊ သူတို့ကို ခေါ်ယူ စစ်ဆေးမေးမြန်းတော့မယ်လို့ ဖြစ်လိုက်တဲ့အခါမှာ နောက်ထပ် ၄ ယောက်က ရှောင်နေတယ်ဆိုတော့ ထွက်ပြေးတိမ်းရှောင်နေတာက ၇ ဦးရှိတယ်ပေါ့။ "
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်ရှိမှာ သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထားပြီး နာကျင်စေမှု၊ မတရားတားဆီးမှု၊ ဆူပူအုံကြွအောင်လုပ်ဆောင်မှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ညက တောင်တွင်းကြီးမြို့ အုန်းတော ၁ ရပ်ကွက်က အစ္စလာမ် ဘာသာဝင် တစ်ဦးရဲ့ နေအိမ်ကို လူငယ် ၅၀ခန့်က ခဲတွေနဲ့ စတင်ပစ်ပေါက်ခဲ့ပြီး နိုင်ငံတော် သီချင်းသီဆိုကာ ရွှေကြာအင်း ၁ ရပ်ကွက်က ဗလီကို ထွက်သွားတာကြောင့် မြို့နယ်ရဲတပ်ဖွဲ့က ဗလီမှာ ပိတ်ဆို့ကာကွယ်ခဲ့ရပြီး လူဦးရေ ၄၀၀ လောက် စုဝေးမှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် နေအိမ်နဲ့ ဈေးဆိုင်တစ်ချို့ ပျက်စီးသွားသူတွေအတွက် ကူညီထောက်ပံ့ငွေ ကျပ်သိန်း ၈၀ ကို တိုင်းဒေသကြီးအစိုးရက မနေ့က ပေးအပ်ခဲ့ပါတယ်။