ဗီယက်နမ် ကျောက်ထုတ် လုပ်ငန်း တောင်ကုတ် ဒေသခံများ မလိုလား
2014.12.23

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဗီယက်နမ် ကုမ္ပဏီတစ်ခုက အကောင်အထည်ဖော်နေ တဲ့ နေပူတောင် မာဘယ်လ် အလှဆင်ကျောက်ထုတ် လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ဒေသခံတွေက ဒီလ ၂၈ရက်နေ့မှာ ဆန္ဒပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။
မနေ့က တောင်ကုတ်မြို့ အမ္ဗာရာမကျောင်းတိုက် မှာ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ဆွေးနွေး ပြီး ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ တောင်ကုတ်မြို့နယ် ရခိုင်လူမှု ကွန်ရက်က ကိုဇေယျကျော်က ပြောပါတယ်။
"ဒီစီမံကိန်းက ကျနော်တို့ရဲ့ ဒေသခံတွေအတွက် လုံးဝအကျိုးမရှိဘူးဆိုတဲ့ အမြင်တစ်ခုကို ထုတ်ဖော် တာလည်းဖြစ်ပါတယ်၊ အစိုးရဝန်ကြီးဌါနတစ်ရပ် အနေနဲ့ စာချုပ်တွေကို အကျိုးမရှိပဲနဲ့ချုပ်သွားတဲ့ အတွက် ကျနော်တို့ လုံးဝလက်မခံနိုင်ဘူး၊ ဒီစီမံ ကိန်းကို ချက်ချင်းရပ်ပြီးတော့ ကျနော်တို့ နေ ပူတောင်ကြီးကို ကျနော်တို့ပြည်သူတွေကို လုပ်စားခွင့်ပေးဖို့ ဆန္ဒထုတ်ဖော်ရတာဖြစ်ပါတယ်ခင်ဗျ"
တောင်ကုတ်မြို့နယ်အရှေ့ဘက် မိုင် ၃၀ လောက်အကွာမှာရှိတဲ့ နေပူတောင် မာဘယ်လ် အလှဆင်ကျောက် ထုတ်လုပ်ရေးစီမံကိန်းကို အစိုးရက ဗီယက်နမ်နိုင်ငံကုမ္ပဏီတစ်ခုဖြစ်တဲ့ SIMECO ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၁၈ သန်းနဲ့ နှစ်ပေါင်း ၂၅ နှစ်အထိ ထုတ်ယူလုပ်ကိုင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။
အဲ့ဒီကုမ္ပဏီက ကျောက်ပြားတွေကို ထုတ်ယူနေတာ အခုဆိုရင် ခုနှစ်လလောက်ရှိပြီ ဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
နေပူတောင်မှာရှိတဲ့ မာဘယ်အလှဆင်ကျောက်တွေဟာ ဧရိယာ ၅ မိုင်ပတ်လည်လောက်အထိ ကျယ်ဝန်းပြီး အဲဒီကျောက်တွေကို အိမ်တွင်းအလှဆင်ပစ္စည်းအဖြစ် အသုံးပြုနိုင်သလို အေးတဲ့အစွမ်းရှိတာကြောင့် အပူဒဏ် ခံနိုင်တဲ့နေရာတွေမှာ အဓိက အသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။