မြန်မာပြည် တည်ငြိမ်လာဖို့ မျှော်လင့်ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ်ပြော
2025.01.23

မြန်မာနိုင်ငံရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ပြန်တည်ငြိမ်လာဖို့ မျှော်လင့်တယ်လို့ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင့်ချင် (Phạm Minh Chính) ကပြောတဲ့ကြောင်း VietnamNews က ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ဖော်ပြပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ (Julie Bishop) နဲ့ တွေ့ဆုံချိန် ဇန်နဝါရီလ ၂၂ ရက်နေ့က အခုလိုပြောကြားခဲ့တာလို့ ဆိုပါတယ်။
ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေကို ထိခိုက်စေတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ပြီး မြန်မာ့အရေးကို သဘောတူညီချက်၊ ကတိကဝတ်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးပါဝင်မှုကနေ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်ဖြေရှင်းရမှာဖြစ်တယ်လို့ ဗီယက်နမ်ဝန်ကြီးချုပ်က ပြောပါတယ်။
ဗီယက်နမ်နိုင်ငံအနေနဲ့ အရှေ့တောင်အာရှနဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုရှိလာစေရေး အဘက်ဘက်က အားထုတ်သွားဖို့ အသင့်ရှိတယ်လို့လည်း ဆိုပါတယ်။
မြန်မာ့အရေးမှာ အားလုံပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာစေရေး အပါအဝင် ရည်မှန်းချက်တွေအတွက် ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဗီယက်နမ်ဝန်ကြီးချုပ်က ပြောပါတယ်။
မစ္စ ဂျူလီဘစ်ရှော့က ဗီယက်နမ်ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်တွေကို လက်ခံပြီး မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်ကြဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အရပ်သားပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အာမခံချက်ပေးဖို့နဲ့ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ပြန်စတင်နိုင်ဖို့ ဦးစားပေးတိုက်တွန်းဖို့ လိုအပ်နေကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းစွာအဖြေရှာရေးအတွက် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ဖြစ်လာစေရေး ကြိုးပမ်းသွားဖို့လည်း ဂျူလီဘစ်ရှော့က ထပ်မံကတိပြုခဲ့တယ်လို့ VietnamNews မှာ ဖော်ပြထားပါတယ်။