ရေဖြူမှာ စစ်ကြောင်းထိုးလို့ ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2023.10.23
ရေဖြူမှာ စစ်ကြောင်းထိုးလို့ ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ တနင်္သာရီတိုင်း ရေဖြူမြို့အဝင် တစ်နေရာအား တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၉ ရက်ကနေ ၂၂ ရက်နေ့အထိ စစ်ကြောင်းထိုးနေလို့ ရွာသား တစ်ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူးဒူး၊ ခမောင်းချောင်းနဲ့ ဘဝါ အပါအဝင် ရေဖြူမြို့နယ်က ရွာငါးရွာကို စစ်ကောင်စီတပ်က ရေကြောင်း၊ ကုန်းကြောင်း နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

“စစ်ကြောင်းရှိတော့ ဒေသခံတွေက ထွက်ပြေးရတယ်။ တချို့ဆို ထိုင်းဘက် ရောက်သွားတယ်။ အရင်ကတည်းက နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ လူတွေ။ အခုလောလောဆယ် ထွက်ပြေးရတာ လူ တစ်ထောင်ကျော်လောက် ရှိပါတယ်။ အခုထိ အိမ်မပြန်ရသေးဘူး”

အောက်တိုဘာလ ၁၉ ရက်နေ့က မူးဒူးရွာကို ဝင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ နေအိမ် ဆယ်လုံးထက်မနည်းကို မီးရှို့ခဲ့တယ်လို့ သူက ပြောပါတယ်။ အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်နေသူ CDM ဆရာမ တစ်ဦးရဲ့ နေအိမ်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မူးဒူးရွာထဲမှာ သုံးရက်ကြာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်က PDF တွေကို ထောက်ခံအားပေး တာမျိုး မလုပ်ဖို့ ရွာသားတွေကို ခြိမ်းခြောက်စာ ရေးထားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ရေဖြူမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ကတော့ ရေဖြူမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ သူတို့တပ်ဖွဲ့အကြား အခုရက်ပိုင်းမှာ တိုက်ပွဲဖြစ်နေတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ရှစ်သောင်းနှစ်ထောင်ကျော်အထိ ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။