ပုလောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2024.10.17
ပုလောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရ ပုလောမြို့နယ် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတာကြောင့် ရွာခုနစ်ရွာက လူငါးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၁၇ ရက် ဒီနေ့မှာ ပြောပါတယ်။

ပုလောမြို့နယ် ကြဲရွာမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး အောက်တိုဘာလ ၁၆ ရက် မနေ့ကတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လက်ရှိကတော့ ကြဲရွာထဲမှာပဲ ရွာရှေ့ခြမ်းနဲ့ ရွာနောက်ခြမ်းထဲ တိုက်ပွဲတွေဖြစ်နေတယ်။ လေးရက်မြောက်ပြီ။ မနေ့က တတိယနေ့မှာ မွန်းလွဲပိုင်း ၁၂ နာရီလောက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးတွေလိုက်ကြဲတယ်။ လေယာဥ်ပေါ်ကနေ သေနတ်တွေနဲ့ ပစ်တယ်။ ပြည်သူထိခိုက်မှုတော့ မရှိဘူး။ အိမ်တွေတော့ ပျက်စီးသွားတယ်”

လက်ရှိမှာ ကြဲရွာ၊ စက်တော်ရာ၊ ဇရပ်ဆိပ်၊ တပူရွာ စတဲ့ ရွာပေါင်း ခုနစ်ရွာက ဒေသခံတွေဟာ နီးစပ်ရာ ရွာတွေနဲ့ တောတောင်ဥယျာဥ်တွေထဲသို့ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။

ပုလောမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတာပါ။ စစ်ကြောင်းဟာ ကြဲရွာထဲမှာ အထိုင်ချတပ်စွဲထားတယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပုလောမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုကားလမ်းကို အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) မြိတ်ခရိုင်အမှတ် - ၁ တပ်ရင်းက အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းမှာ တိုက်ပွဲ ၆၈ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး တနင်္သာရီ၊ ပုလောနဲ့ လောင်းလုံးမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။