တနင်္သာရီက သိန္ဓောစခန်းကို စစ်ကောင်စီတပ်သား ၁၅ဝ ခန့် စွန့်ခွာ

RFA Burmese
2024.09.27
တနင်္သာရီက သိန္ဓောစခန်းကို စစ်ကောင်စီတပ်သား ၁၅ဝ ခန့် စွန့်ခွာ တနင်္သာရီမြို့နယ် စစ်ကောင်စီတပ်၏ သိန္ဓောစခန်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ဝင်ရောက်နေရာယူထားသည့်အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Facebook/ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က သိန္ဓောစခန်းကနေ စစ်ကောင်စီတပ်သား ၁၅ဝ လောက် စွန့်ခွာထွက်ပြေးသွားတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း စစ်ဌာနက စက်တင်ဘာလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စခန်းကနေ စွန့်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ကိုချမ်းက RFA ကိုပြောပါတယ်။

"စက်တင်ဘာ ၂၅ နေ့ကစပြီး စခန်းစွန့်ခွာသွားတာပါ၊ အခု စခန်းစွန့်လာတဲ့ စစ်ကောင်စီတပ် အင်အား ၁၅၀ လောက်နဲ့ ကျွန်တော်တို့တော်လှန်ရေး ပူးပေါင်းတပ်တွေ ဒီနေ့(စက်တင်ဘာ ၂၇) ဘန်ကြုပ်ရွာဘက်မှာ တိုက်ပွဲစဖြစ်ပါတယ်၊ ကျွန်တော်တို့ဘက်က လိုက်ပြီးပိတ်ဆို့တိုက်ခိုက်နေဆဲပါ"

NUG ကာကွယ်ရေးဝန်ကြီးဌာန တနင်္သာရီ တိုင်းစစ်ဌာနကွပ်ကဲမှုအောက်မှာရှိတဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) နဲ့ (၂) တို့ဟာ ဧပြီလကုန်ကတည်းက ဒီစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အပြင်းအထန် ခုခံခဲ့တယ်လို့ ဆိုပါတယ်။

ဒီစခန်းကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီက လေကြောင်းအပြင် မြေပြင်စစ်ကူတွေပါ အင်အားသုံးခုခံခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းဘက်က ထိုးစစ်ကို ယာယီရပ်နားခဲ့ပြီး စခန်းကို ဝန်းရံ ပိတ်ဆို့ထားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ သိန္ဓောစခန်းဟာ ၁၉၈၀ ခုနှစ် လောက်ကတည်းက အခြေစိုက်တပ်စွဲခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော်ကြာတဲ့စခန်းဖြစ်ပြီး ဒီစခန်းကနေ ထိုင်း-မြန်မာနယ်စပ်က ဝါးနွယ်စခန်း၊ လေကေစခန်းနဲ့ ပွိုင့် (၃၀၀၀) စခန်းတို့ကို အုပ်ချုပ်ထောက်ပံ့ပေးနေတဲ့ အဓိကကျတဲ့ ရှေ့တန်းစခန်းလို့လည်း ဆိုပါတယ်။

ဒီစခန်းကို စွန့်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်နေတာကြောင့် မြိတ်ခရိုင်အတွင်းမှာ ခရီးသွားလာကြတဲ့ ပြည်သူတွေ တိုင်းစစ်ဌာန(တနင်္သာရီ) ထုတ်ပြန်ထားတဲ့ အသိပေးချက်တွေကို အလေးထားပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်မှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုသွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ မှန်ချပြီး သွားလာကြဖို့၊ ကုန်ကားတွေအနေနဲ့လည်း အလုံပိတ်ဖုံးအုပ်ထားတာတွေ မလုပ်ဖို့ သတိပေးထားပါတယ်။

စခန်းကို စွန့်ခွာသွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။