လောင်းလုံးမှာ အရပ်သား သုံးဦး သတ်ဖြတ်ခံရကြောင်း LLPDF ပြော

RFA Burmese
2024.10.18
လောင်းလုံးမှာ အရပ်သား သုံးဦး သတ်ဖြတ်ခံရကြောင်း LLPDF ပြော တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တစ်နေရာကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
RFA

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ အောက်တိုဘာ ၁၆ ရက်နေ့က စစ်ကောင်စီတပ် ရွာထဲဝင်ရောက်ပစ်ခတ်တာကြောင့် အရပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( LLPDF) တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးကြီး နှစ်ဦးနဲ့ ရွာသားတစ်ဦး သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက ပြောပါတယ်။

"အခုလ ၁၆ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားနေပါတယ်၊ တိုက်ပွဲကြောင့်အရပ်သားသေဆုံးတာမျိုးမရှိပေမဲ့ စစ်ကောင်စီတပ်က ရွာထဲပစ်ခတ်၀င်ရောက်လာပြီး ဆိုင်ကယ်စီးလာတဲ့ရွာသားတစ်ဦးကို ပစ်သတ်သွားတာရှိပါတယ်၊ နောက်ထပ်အသက်ကြီးပိုင်းနာမကျန်းအဖွားကြီးတစ်ဦးတော့ အိမ်ပေါ်မှာအိပ်နေချိန် ပစ်ခတ်၀င်ရောက်လာတဲ့ကျည်ဆံ ထိမှန်သေဆုံးခဲ့ပါတယ်၊ နောက်ထပ်အမျိုးသမီးကြီးတစ်ဦးကတော့ လက်နက်ကြီးကျရောက်ပေါက်ကွဲရာမှ နှလုံးဖောက်ပြီး သေဆုံးသွားခဲ့တာပါ၊ သေဆုံးတဲ့ သုံးယောက်စလုံးက အောက်ရေဖြူရွာနဲ့ ကဒက်ငယ်ရွာတွေကဖြစ်ပါတယ်၊ ၁၆ ရက်နေ့မှာပဲ ဖြစ်သွားတာပါ"

အောက်တိုဘာ ၁၆ ရက်နေ့ကစပြီး အောက်ရေဖြူကျေးရွာတစ်ဝိုက်ကို အင်အား ၁၂၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာလို့လည်း ဆိုပါတယ်။ အဲဒီနေ့မှာပဲ တိုက်ပွဲတွေ ငြိမ်လို့ ရွာထဲပြန်ဝင်တဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား အောက်တိုဘာ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့လည်း ရဲဘော်ရှဲဒိုးက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အခုရက်ပိုင်းအတွင်းမှာပဲ လောင်းလုံးမြို့နယ်မှာ လမ်းသွားလမ်းလာတွေကို စစ်ကောင်စီတပ်သားတွေက တားဆီးဖမ်းဆီးနေပြီး ဘယ်နှစ်ယောက်အဖမ်းခံထားရတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ညင်းမော်ရွာဘုန်ကြီးကျောင်းမှာ စစ်ကောင်စီတပ်စွဲထားပြီး ဒရုန်းတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိတဲ့နေရာတွေကို ပစ်ခတ်နေသလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဒရုန်းတွေနဲ့ ပြန်လည်ပစ်ခတ်နေခဲ့တယ်လို့လည်း ပြောပါတယ်။

အရပ်သားတွေကို သတ်ဖြတ်ဖမ်းဆီးနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တနင်္သာရီတိုင်းမှာ စက်တင်ဘာလ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြာင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုး စီးနင်းမှုတွေကြောင့် ဒေသခံ ၁၇ ဦးအထိ သေဆုံးခဲ့ပြီး လူပေါင်း ၅၉,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ တနင်္သာရီတိုင်းအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။