တမူးက အမျိုးသမီးတစ်ဦး အသတ်ခံရမှု တရားဥပဒေအတိုင်းလုပ်ဆောင်မယ်လို့ NUG ပြော
2022.12.04

စစ်ကိုင်းတိုင်း၊ တမူးမြို့က အမျိုးသမီးတစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုက လမ်းမပေါ်မှာ တရားလက်မဲ့ သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လက်ခံမှာမဟုတ်သလို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီလို့ NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က RFA ကိုပြောပါတယ်။
“ဘယ်သူပဲကျူးလွန်ကျူးလွန်လက်ခံနိုင်စရာမရှိဘူး။ ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုတွေ ချက်ခြင်းဆောင်ရွက်နေတယ်။ ဗီဒီယိုမှာ ပျံ့နှံ့နေသလို NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၄ လက်အောက်ခံတပ်သားတွေဟုတ်၊ မဟုတ်ဆိုတာ စုံစမ်းစစ်ဆေးရမယ်။ အဲ့ဒီသူတွေကို ထိန်းသိမ်းဖို့ဆောင်ရွက်ရမယ်။ တရားဥပဒေအတိုင်းအရေးယူဆောင်ရွက်မယ်။ကာကွယ်ရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေက သိသိချင်း လိုအပ်သလိုဆောင်ရွက်ဖို့ လုပ်ဆောင်နေပါပြီ။ စုံစမ်းတာက ဘယ်လိုထွက်ပေါ်လာမလဲမသိသေးဘူး။ ဒီလူတွေက ဘယ်အဖွဲ့နဲ့ သက်ဆိုင်တယ်ဆိုတာ အခုထိတော့ မသိသေးဘူး။ ဒါပေမဲ့ ပြောလို့ရတာက တရားမဲ့သတ်ဖြတ်မှုကို အပြင်းအထန် ရှုတ်ချတယ်။ NUG အစိုးရရဲ့မူဝါဒနဲ့ ဆန့်ကျင်နေတယ်။ ဒါ့ကြောင့် NUG အစိုးရအနေနဲ့ ဒါမျိုးကို ဘယ်လိုမှလက်ခံနိုင်စရာမရှိဘူး။”
NUG အစိုးရရဲ့ စုံစမ်းတွေ့ရှိမှုတွေကို မီဒီယာတွေကနေတဆင့် ပြည်သူတွေကို အသိပေးသွားမယ်လို့ NUG အစိုးရရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
NUG လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း စစ်ကိုင်းတိုင်း၊ တမူးမြို့က အမျိုးသမီးတစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုက လမ်းမပေါ်မှာ သတ်ဖြတ်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နာတွေပေါ်မှာ ပျံ့နှံ့လာခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင် နေတယ်လို့ ဝန်ကြီး ဦးအောင်မျိုးမင်းက ဒီဇင်ဘာ ၄ ရက်၊ ဒီနေ့မနက်ပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် အသိပေးထားပါတယ်။
အဲဒီရုပ်သံဖိုင်ဟာ ဒီဇင်ဘာလ ၃ ရက်ကစလို့ လူမှုကွန်ရက် အသုံးပြုသူတွေအကြား ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာတာပါ။
ရုပ်သံဖိုင်ထဲမှာ လက်ထိပ်ခတ်ထားတဲ့ အသက် ၂၅ နှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးကို လက်နက်ကိုင်ထားတဲ့ အမျိုးသမီးနှစ်ဦး အပါအဝင် ၁၀ ဦးလောက်က ဒလန်သတင်းပေး ဆိုပြီး ရိုက်နှက်ထိုးကြိတ်နေသလို ဒူးထောက်ခိုင်းပြီးနောက် သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။
အဲဒီနေရာကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပေမယ့် လူမှုကွန်ရက် အသုံးပြုသူ တွေကတော့ တမူးမြို့နယ်၊ အာရှလမ်းမကြီးပေါ်မှာ ဖြစ်ခဲ့တာလို့ ရေးသားထားကြပါတယ်။
သုံးမိနစ်နဲ့ ၂၂ စက္ကန့်ကြာတဲ့ အဲဒီရုပ်သံဖိုင်ထဲမှာတော့ အမျိုးသမီးကို ဖမ်းဆီးနှိပ်စက် နေကြချိန်မှာ ဘေးက လမ်းသွားလမ်းလာတွေကို မကြည့်ဖို့ မောင်းထုတ်ခဲ့တာ တွေ့ရပါတယ်။
ရုပ်သံရဲ့ ၁ မိနစ်နဲ့ ၄၁ စက္ကန့်မှာတော့ လက်နက်ကိုင်အဖွဲ့ထဲက အမျိုးသမီးတစ်ဦးက လက်ထိပ်ဖြုတ်ပေးပြီးနောက် ဖမ်းဆီးခံထားရသူ အမျိုးသမီးရဲ့ မျက်လုံးကို နှာခေါင်းစည်း (Mask) တပ်လိုက်သလို လမ်းလယ်ခေါင်ကို ခေါ်ဆောင်ပြီး ဒူးထောက်၊ ရင်ကော့ခိုင်းကာ လက်နှစ်ဖက်ကိုလည်း ပုခုံးပေါ် တင်ခိုင်းခဲ့ပါတယ်။
ရုပ်သံရဲ့ နောက်ဆုံးစက္ကန့်ပိုင်းအလိုမှာ အမျိုးသမီးရဲ့နောက်ကျောကနေ သေနတ်နဲ့ တစ်ချက် စတင်ပစ်ခတ်ခဲ့ပြီး အမျိုးသမီးလဲကျသွားချိန်မှာလည်း ဦးခေါင်းကို သေနတ်နဲ့ လေးချက်ဆက်တိုက် ပစ်ခတ်ခဲ့တာပါ။
အဲဒီအမျိုးသမီးကို ဘာကြောင့်ပစ်သတ်ခဲ့တယ်ဆိုတာနဲ့ အမျိုးသမီးရဲ့ အမည်၊ နေရပ် အသေးစိတ်ကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ ရေးသားချက်တွေအရ အသတ်ခံရတဲ့အမျိုးသမီးဟာ တမူးမြို့က ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ဒီကိစ္စဟာလည်း ၂၀၂၂ ခုနှစ်၊ ဇွန်လလောက်က ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကိုင်ထားတဲ့အဖွဲ့ဟာ တမူးမြို့နယ်အခြေစိုက် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း-၄ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုတာကြောင့် RFA က အဲဒီအဖွဲ့ကို ဒီဇင်ဘာ ၃ ရက် မနေ့ကဆက်သွယ်ခဲ့ပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ပိုင်းမှ ဖြေမယ့်အကြောင်း အကြောင်းပြန်ပါတယ်။
ဒါပေမဲ့ သူတို့လုပ်ခဲ့တယ်၊ မလုပ်ခဲ့ဘူးဆိုတာကိုတော့ အတိအလင်း ငြင်းဆိုခဲ့တာ မရှိပါဘူး။