တာချီလိတ်မြို့အဝင်ဂိတ်မှာ မှတ်ပုံတင်မပါသူတွေ ငွေသိန်းချီပေးနေရသလို ဖမ်းဆီးခံရသူတွေပါရှိ
2024.04.27
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့အဝင်မှာ စစ်ကောင်စီတပ်က နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) မပါတဲ့ ခရီးသည်တွေကို ငွေကျပ်သုံးသိန်းခန့်အထိ တောင်းနေသလို မသင်္ကာသူလို့ယူဆတာနဲ့ ဖမ်းဆီးနေတယ်လို့ တာချီလိတ်မြို့ခံတွေက ပြောပါတယ်။
မှတ်ပုံတင်မပါသူတွေကို တာချီလိတ်မြို့အဝင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ လူတစ်ဦး ငွေကျပ်သုံးသိန်းအထိ တောင်းယူနေတာလို့ ဧပြီလအတွင်း ရန်ကုန်ကနေ တာချီလိတ်ကို ကားနဲ့သွားခဲ့တဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မှတ်ပုံတင်မပါဘူး၊ ရပ်ကွက်ထောက်ခံစာပါလည်း သုံးသိန်းတောင်းတယ်။ ဘယ်ကိုသွားမှာလဲ မေးတယ်။ သူတို့တောင်းတာမပေးနိုင်ရင် ငုတ်တုတ်ထိုင်ခိုင်းထားတယ်။ ပြန်မလွှတ်ဘူး"
စစ်ကောင်စီတပ်နဲ့ ရဲအင်အား သုံးဆယ်နီးပါး စုပေါင်းထိုင်တဲ့ အဲဒီစစ်ဆေးရေးဂိတ်မှာ လူငယ်တွေကို အဓိက စစ်ဆေးနေပြီး မှတ်ပုံတင်မပါသူတွေကို မြို့ထဲပေးမဝင်ဘူးလို့ ဆိုပါတယ်။
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း တာချီလိတ်မြို့ကတစ်ဆင့် ထိုင်းနဲ့ လာအိုနိုင်ငံကို သွားဖို့ကြိုးပမ်းနေတဲ့ လူငယ်တချို့လည်း မြို့အဝင်စစ်ဆေးဂိတ်မှာပဲ ခေါ်ယူစစ်ဆေးခံနေရပြီး ဖမ်းဆီးခံနေရသူတွေပါရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေကိုတော့ တိတိကျကျမသိရသေးဘူးလို့ ခရီးသွားဒေသခံတွေနဲ့ မြို့ခံတွေက ပြောပါတယ်။
မှတ်ပုံမပါသူတွေထံက ငွေကြေးအမြောက်အမြား တောင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း မှတ်ပုံတင်မပါဘဲ ထောက်ခံစာနဲ့ ခရီးသွားလာတာတဲ့အပေါ် ခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။