ရသာကောင်း ချိုချဉ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
2012.06.23

အခြေခံ လုပ်ခလစာနဲ့ အချိန်ပို လုပ်အားခ ခံစားခွင့် ရရှိရေး၊ တစ်ရက် အလုပ်ချိန် (၈) နာရီ သတ်မှတ်ပေးရေး၊ လုပ်ငန်းခွင်နဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းများ မခိုင်းစေရေး စတာတွေ အပါအဝင် အချက် (၉) ချက်ကို တောင်းဆိုနေပါတယ်။
ဒီအတွက် ညှိနှိုင်းမှုတွေကို ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပြီး အချက်တစ်ချက်မှာသာ ညှိနှိုင်းမရ ဖြစ်နေဆဲပါလို့ အလုပ်သမားတွေနဲ့ နီးစပ်တဲ့ အလုပ်သမား တစ်ဦးက အခုလို ပြောပါတယ်။
“အခုက သူတို့က အပြင်ကို ထွက်ခွင့်မရှိဘူး ဖြစ်နေတယ်၊ အချက်အလက်တွေ ကတော့ ညှိတုန်းပဲ ရှိသေးတယ်။ အခုဟာက အမျိုးသမီး ဝန်ထမ်းတွေကို တရားဝင် ဝန်ထမ်းအဖြစ် ခန့်အပ်ခိုင်းတဲ့ အချက်မှာလေ၊ အဲဒီအချက်ကို သဘောမတူနိုင်ဘူး ဖြစ်နေတယ်တဲ့။ ကျန်တဲ့ အချက်အလက်တွေကိုတော့ သူပေးထားတယ်ပေါ့။ ဒါပေမယ့် ဒီအမျိုးသမီးတွေကိုတော့ သဘောမတူဘူးလို့ ပြောတယ်၊ ပြီးတော့ အထက်ကနေပြီးတော့ပေါ့နော်။ ဒီညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့နဲ့ ဆွေးနွေးတဲ့ ခေါင်းဆောင်တွေ ကပေါ့နော်။ ကျနော်တို့ အလုပ်သမားထုဆီကို လာပြီးတော့ ဘာကြောင့် သဘောမတူတာပါ ဆိုတဲ့ အကြောင်းပြချက်လည်း မပေးသေးဘူး။”
ဒီစက်ရုံမှာ အမျိုးသား (၂၀၀) နီးပါးကိုသာ လခစား အဖြစ် သတ်မှတ်ထားပြီး အမျိုးသမီးတွေ ကိုတော့ နေ့စား အဖြစ်သာ သတ်မှတ်ထားရှိတာ ဖြစ်ပါတယ်။
ဒါကြောင့် အလုပ်သမားတွေက လုပ်ငန်းခွင် ထိခိုက်နစ်နာမှုများ တာဝန်ယူပေးရေး၊ သိမ်းဆည်းထားသော မှတ်ပုံတင်များ ပြန်ပေးရေးနဲ့ အားလပ်ရက်မှာ ပြင်ပ သွားလာခွင့်ရရေး၊ ပိတ်ရက်မရှိ အလုပ်လုပ်နေရတဲ့ အတွက် အလုပ်ပိတ်ရက် သတ်မှတ်ပေးရေး၊ စည်းကမ်းချက်တချို့ ပယ်ဖျက်ရေး၊ အလုပ်သမားကဒ် ပြုလုပ်ပေးရေး အပါအဝင် အမျိုးသမီး အလုပ်သမားတွေကို လခစားဝန်ထမ်း သတ်မှတ်ပေးရေးတို့ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေ့ဆန္ဒ့ပြတောင်းဆိုတာကို မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင်၊ အလုပ်သမား ဌာနက တာဝန်ရှိသူတွေ လာရောက် ညှိနှိုင်းပေးနေတယ် လို့လည်း အလုပ်သမားတွေကို သွားရောက်ကူညီပေးနေတဲ့ ဗကသ ကျောင်းသား တစ်ဦး ဖြစ်တဲ့ ကိုမိုးထက်နေက အခုလို ပြောပါတယ်။
“လောလောဆယ် ကျနော်တို့ သိထားတာကတော့ သူ့စက်ရုံ ပိုင်ရှင် ရှိမနေဘူး၊ နောက် အပြင်ကနေပြီးတော့မှ ညှိနှိုင်းရေး အဖွဲ့တွေ ဆိုပြီးတော့ အစိုးရ အရာရှိတွေရယ် နောက် လုပ်ငန်းရှင်တွေပေါ့ဗျာ၊ အစိုးရ အရာရှိက မြို့နယ် အုပ်ချုပ်ရေးမှူး ပါတယ်၊ အလုပ်သမားရေးရုံးက မြို့နယ်ဦးစီးမှူး တစ်ယောက် ပါတယ်၊ နောက်တခါ လုပ်ငန်းရှင်တွေပေါ့ဗျာ။ ဒီလိုလူမျိုးတွေ အားလုံးပေါင်း (၁၁) ယောက်ဖွဲ့ထားတဲ့အဖွဲ့က ကြားကနေပြီးတော့ ညှိပေးတယ်။ ဟိုဘက်ကနေပြီးတော့ စက်ရုံပိုင်ရှင် မပါတဲ့ အုပ်ချုပ်ရေး အဖွဲ့က ဒိုင်ခံပြီး ညှိပေးတာပေါ့နော်။ ဒီဘက်က အလုပ်သမား ကိုယ်စားလှယ်ကတော့ ကျနော်သိထားတာ (၁၀) ယောက်လို့ သိထားတယ်၊ အဲဒီ (၁၀)ယောက်နဲ့တွေ့ပြီး ညှိနေတယ်”
အလုပ်သမားတွေကို ဦးကိုကိုကြီး ဦးဆောင်တဲ့ အလုပ်သမား၊ လယ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့၊ ကုန်ဈေးနူန်း ကျဆင်းရေး အဖွဲ့နဲ့ ဗကသ ကျောင်းသားများ အဖွဲ့တွေက ထမင်းထုပ်ပေါင်း (၄၀၀) ခန့်နဲ့ သောက်ရေတို့ ကူညီပေးနေတယ်လို့လည်း သိရပါတယ်၊ ဒီစက်ရုံမှာ အလုပ်သမားပေါင်း (၄၅၀) ခန့်ရှိတယ်လို့လည်း သိရပါတယ်။