ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ကလေးများအဖွဲ့ နာယက ခန့်အပ်
2011.04.30

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆွီဒင်နိုင်ငံ Mariefred မြို့ Gripsholms နန်းတော်မှာ ကမ္ဘာ့ကလေးများအဖွဲ့က ကျင်းပတဲ့ ‘ကလေးအခွင့်အရေးဆိုင်ရာ သူရဲကောင်းဆု’ ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ရဲ့ နာယကအဖြစ် ဂုဏ်ပြုခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။
ကမ္ဘာ့ကလေးများအဖွဲ့ရဲ့ နာယကအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အမှတ်တရ ပေးအပ်တဲ့ ဖန်ကမ္ဘာလုံးဆုကို ဆွီဒင်ဘုရင်မ ကိုယ်တိုင် တက်ရောက် ချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အခုလို ကလေးအခွင့်အရေး သူရဲကောင်းဆု ချီးမြှင့်ရေးအဖွဲ့ရဲ့ နာယကအဖြစ် သူ့ကို ရွေးချယ် ဂုဏ်ပြုလိုက်တာနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ရှိပါကြောင်း၊ အခု သူ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီ ဖြစ်တဲ့အတွက် ကမ္ဘာ့ကလေးများအဖွဲ့ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာပြည်က ကလေးတွေဟာ လုံလောက်တဲ့ ဆေးဝါးကုသမှုနဲ့ ပညာရေး မပြည့်စုံတာတွေ ကြုံနေကြရတာကိုလည်း အားလုံး သိရှိပြီး ဖြစ်မှာပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
ကလေးအခွင့်အရေးသူရဲကောင်း ဆုရှင်ကို ကမ္ဘာတဝှန်းက ကလေးတွေက ရွေးချယ်တာ ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်အတွက် ကလေးအခွင့်အရေး သူရဲကောင်းဆုကို ကွန်ဂိုနိုင်ငံက Murhabazi ကို ချီးမြှင့်ခဲ့ပါတယ်။ သူဟာ စစ်သားအဖြစ် အဓမ္မ စုဆောင်းခံရတဲ့ ကလေးတွေ၊ ပြည့်တန်ဆာအဖြစ် အသုံးချခံနေရတဲ့ ကလေးတွေရဲ့ လွတ်မြောက်ရေးတွေကို အသက်အန္တရာယ် ကြုံရတဲ့အထိ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာတွေကြောင့် ကမ္ဘာ့ ကလေး ၃ သန်းကျော်က သူ့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
အလားတူပဲ ကလေးများ အဓမ္မ အလုပ်ခိုင်းစေခံရမှု၊ လူကုန်ကူးခံရမှုနဲ့ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရတဲ့ မိန်းကလေးငယ်တွေရဲ့ အရေးအတွက် ဆောင်ရွက်ခဲ့သူ ဖိလစ်ပိုင်နိုင်ငံက Cecilia Flores-Oebanda ဆိုသူနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အက်စစ်တွေ၊ ဓာတ်ဆီတွေနဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ရသူတွေ၊ အထူးသဖြင့် အမျိုးသမီးငယ်တွေကို အကြောက်အရွံ့ မရှိ ကူညီပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ Monira Rahman တို့လည်း ဆု ချီးမြင့်ခံခဲ့ရပါတယ်။