ဆွာချောင်းတမံကျိုးပေါက်မှု ကျပ်သိန်းပေါင်း ၄၆ဝဝ ပျက်စီးခဲ့
2018.09.06

ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးကျတာကြောင့် ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းက မြို့နယ် ၆ ခုမှာ ကျပ်သိန်းပေါင်း ၄၆ဝဝ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ရေပိုလွှဲကျိုးကျတာကြောင့် ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်းနဲ့ ကျောက်ကြီးမြို့နယ်တွေမှာ ကယ်ဆယ်ရေးစခန်း ၁၁၅ ခု ဖွင့်ထားရပြီး အိမ်ထောင်စုပေါင်း တစ်သောင်းရှစ်ထောင်ကျော်၊ လူဦးရေ ရှစ်သောင်းကျော်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ရေတာရှည်၊ ထန်းတပင်၊ တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ကျောက်ကြီး စတဲ့ မြို့နယ်တွေမှာ လယ်ယာမြေ ဧကပေါင်း တစ်သိန်း လေးသောင်းကျော် ရေလွှမ်းခဲ့ပါတယ်။ အဲဒီအထဲမှာ လယ်ယာမြေဧက ၁ သိန်းကျော် ရေပြန်ပေါ်လာပြီး ဧက လေးသောင်း ရှစ်ထောင်ကျော်ကတော့ ရေလွှမ်းနေတုန်း ဖြစ်ပါတယ်။ ထိခိုက်တဲ့ ဧက ၆ သောင်းကျော်ရှိပြီး ပျက်စီးဧက လေးသောင်းကျော်ဖြစ်ပါတယ်။
အိမ်ခြေပေါင်း ၅၀၀ ကျော်၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းနဲ့ တခြား အဆောက်အအုံ ၆ လုံး၊ တံတား ၂၂ စင်း နဲ့ လမ်းပေါင်း ၃၉ လမ်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။