ဒုသမ္မတနဲ့ ဆွာဒေသခံတွေ တွေ့ဆုံတင်ပြခွင့်မရ


2018.09.22
vice-president-swar-622.jpg ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်ခဲ့တဲ့ ရေတာရှည်မြို့ကို လာရောက်ခဲ့စဉ်
ဓာတ်ပုံ - ဦးမြင့်လွင်ဦး

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်တို့ဟာ ရေတာရှည်မြို့နယ်က ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်ခဲ့တဲ့နေရာကို ဒီနေ့ လာရောက်ကြည့်ရှုခဲ့ကြပေမယ့် ဒေသခံတွေ အနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကို တင်ပြခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

ဆည်မြောင်းဌာနက တင်ပြချက်တွေကိုသာ နားထောင်သွားပြီး ဒေသခံပြည်သူတွေ ပြောဆိုတာမျိုး မရှိခဲ့ဘူးလို့ ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု တုံးကြီးကျေးရွာ ရာအိမ်မှူး ဦးမြင့်လွင်ဦးက ပြောပါတယ်။

"အောက်ခြေမှာရှိတဲ့ သဲဖုံး၊ နုံးဖုံးသွားတဲ့ လယ်ယာမြေတွေအပေါ်မှာ ပြည်သူလူထုနဲ့ ဒေသခံတောင်သူတွေရဲ့ စိတ်ဆန္ဒသဘောထားက ဘယ်လိုရှိသလဲ။ သူတို့ရဲ့ စိတ်ဆန္ဒခံစားချက်က ဘာလဲ သူတို့ရဲ့ လိုချင်တာက ဘာတွေလိုအပ်နေလဲဆိုတာကို ကြားနာခွင့်မရှိဘူးဗျ။ ကြားနာသွားတာက ဘာလဲဆိုတော့ ဆည်မြောင်းဝန်ကြီး ဌာနကနေပြီးတော့မှ လယ်မြေတွေ ထွန်ယက်တဲ့ကိစ္စ၊ သဲဖုံးသွားတဲ့ လယ်ယာတွေကို ထွန်စက်တွေနဲ့ထိုးပြီး ဆည်မြောင်းဌာနက ရှင်းတာကိုပဲ ကြားနာသွားတာ"

ဒေသခံတွေက ဆွာချောင်းရေလှောင်တမံကျိုးလို့ သဲဖုံးသွားတဲ့အခြေအနေ၊ အလုပ်ကိုင်အခွင့်လမ်း ပြဿနာ၊ ကျေးရွာလမ်းတွေပြင်ပေးဖို့ ကိစ္စတွေကို ဒုတိယ သမ္မတ လာရင်တင်ပြခွင့်ရလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင် တို့အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့မှာ ဆွာဆည်ကျိုးတဲ့နေရာ ပြုပြင်နေတာတွေကို သွားရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။