ရေကျော်နေတဲ့ ရေပိုလွှဲရှိ ဆည်ပေါင်း ၆၀ အထိရှိ
2018.09.01

သြဂုတ်လ ၂၉ ရက်နေ့က တာရိုးကျိုးပေါက်ခဲ့တဲ့ ဆွာရေပိုလွှဲနည်းတူ ရေကျော်နေတဲ့ ရေပိုလွှဲရှိ ဆည်ပေါင်း ၆၀ ရှိတယ်လို့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးပြန်ကြားရေးဌာနက ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲခူးတိုင်းမှာ ဆွာရေလှောင်တမံ ကျိုးပေါက်ခဲ့တဲ့အတွက် ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ပြီး လူတွေ အသေအပျောက်ရှိခဲ့ပြီးနောက်ပိုင်း အခုလို ဝန်ကြီးဌာနလက်အောက်ခံ စိုက်ပျိုးရေး ပြန်ကြားရေးဌာနစိတ်က ထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။
နေပြည်တော်မှာရှိတဲ့ ပေါင်းလောင်းအပါအဝင် ဆည် ၂ ခု၊ ကရင်ပြည်နယ်မှာ ၁ ခု၊ ချင်းပြည်နယ်မှာ ၂ ခု၊ စစ်ကိုင်းတိုင်းမှာ ရာဇဂြိုလ်ဆည် အပါအဝင် ၄ ခု၊ ပဲခူးတိုင်းမှာ ဖြူးချောင်း၊ ဝဲကြီးရေလှောင်တမံအပါဝင် ဆည် အခု ၂၀၊ မကွေးတိုင်းမှာ မုန်းချောင်းရေလှောင်တမံနဲ့ ကြီးအုံကြီး၀ ရေလှောင်တမံအပါအဝင် ၈ ခု၊ မွန်ပြည်နယ်မှာ ၃ ခု၊ ရခိုင်ပြည်နယ်မှာ ၉ ခု၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၅ ခု၊ ရှမ်းပြည်နယ်မှာ ၃ ခု၊ ဧရာဝတီတိုင်းမှာ ၃ ခုတို့ဟာ ရေကျော်နေတာဖြစ်ပါတယ်။
အများဆုံးရေကျော်နေတဲ့ ဆည်တွေကတော့ ပဲခူးတိုင်း က ရဲနွယ်နဲ့ ဖြူးချောင်း၊ ဝဲကြီး ရေလှောင်တမံတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့မှာ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပေါက်ပြီး ကျေးရွာပေါင်း ၈၅ ရွာ ရေနစ်မြုပ်ပြီး လူပေါင်း ၆ သောင်းကျော် ရေဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။