HIV/AIDS ဝေဒနာသည်များကို ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်ပန်ကြား

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်က အေအိုင်ဒီအက်စ် ဝေဒနာသည်တွေ အတွက် အများပြည်သူကနေ ကူညီထောက်ပံမှုတွေ ပေးဖို့ အကူအညီ တောင်းခံလိုက်ပါတယ်။

2010.11.17
assk_aids_health_305_z.png ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ HIV-AIDS ဝေဒနာသည်များ ဂေဟာသို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်) နိုဝင်ဘာ ၁၇ ရက်က သွားရောက် ကြည့်ရှုစဉ် အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

နိုဝင်ဘာလ ၁၇ ရက်နေ့က တောင်ဒဂုံမှာရှိတဲ့ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေကို သွားရောက် တွေ့ဆုံစဉ် အခုလို အကူအညီ တောင်းခံခဲ့တာ ဖြစ်ပါတယ်။

အေအိုင်ဒီအက်စ် ဝေဒနာသည်တွေအတွက် လိုအပ်တဲ့ ဆေးဝါး။ နေရာထိုင်ခင်း၊ အထောက်အပံပစ္စည်းတွေအတွက် အများပြည်သူအနေနဲ့ ငွေကြေးနဲ့ အခြား အထောက်အပံ့ ပစ္စည်းတွေကို ပေးလှူကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လိုက်ပါလာတဲ့ နိုင်ငံခြားသတင်းထောက်တွေကို အခုလို ထည့်သွင်းပြောကြားတာ ဖြစ်ပါတယ်။

“အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို ARV ဆေးပေးနိုင်ဖို့ အတွက် ကျမတို့ ငွေအမြောက်အမြား လိုအပ်နေပါတယ်။ ဒီအတွက် ရန်ပုံငွေတွေကို ပေးကမ်းထောက်ပံ့ နိုင်မယ်ဆိုရင် ကျမတို့က ကျေးဇူးအထူးတင်မှာပါ။ ဝေဒနာရှင်တွေအတွက် ဆေးဝါး၊ အစားအစာနဲ့ နေရာ ထိုင်ခင်းအတွက် ကျမတို့ ငွေကြေး လိုအပ်နေပါတယ်။ ဒီအခက်အခဲကို ရှင်တို့ ကူညီနိုင်မယ်ဆိုရင် အလွန်ကို ဝမ်းမြောက်ဝမ်းသာစရာ ကောင်းတဲ့ ကိစ္စပါပဲ။ ရှင်တို့ တတ်နိုင်သမျှ အကူအညီတွေကို၊ မြန်နိုင်သမျှ မြန်မြန် ပေးစေလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါဝေဒနာသည်တွေအတွက် ဆေးဝါးကို အဆက်မပြတ်ပေးနိုင်ဖို့ လိုအပ်လို့ပါပဲ။”

ဒီကနေ့ မွန်းလွဲပိုင်းက NLD ပါတီရဲ့ HIV-AIDS ဝေဒနာသည်တွေကို စောင့်ရှောက်တဲ့ တောင်ဒဂုံမြို့သစ် ၈ ရပ်ကွက်ရှိ အိမ်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ပြီး ဝေဒနာသည်တွေကို အားပေးခဲ့ရာမှာ သောင်းနဲ့ ချီတဲ့ လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။ မွန်းလွဲ ၂ နာရီခွဲက ရောက်ရှိလာရာမှာ ရပ်ကွက်အတွင်းရှိ ပြည်သူတွေက ကြိုဆိုခဲ့ကြတာပါ။ ကြိုဆိုသူတွေက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ သံပြိုင်အော်နေကြတယ်လို တောင်ဒဂုံမြို့သစ်က အမျိုးသမီးတဦးက ပြောပြပါတယ်။

အဲဒီ အိမ်မှာ ဝေဒနာရှင် ၁၀၀ ကျော် ရှိပြီး မဖြူဖြူသင်း ဦိးဆောင်တဲ့ NLD လူငယ်တွေက နယ်က ရောက်ရှိလာတဲ့ လူုနာတွေကို ပြုစု စောင့်ရှောက်ပေးနေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်က လူနာတွေကို အားပေးစကား ပြောကြားတဲ့အပြင် သူပြန်လွတ်လာချိန်မှာ မြန်မာပြည် ပြည်သူများ၊ သံတမန်များက နေအိမ်ကို ပေးပို့တဲ့ ပန်းစည်းတွေကို လူနာတွေကို ပေးလှူခဲ့ပါတယ်။

အဲဒီနောက် လမ်းပေါ်မှာရှိတဲ့ ပရိသတ်က တောင်းဆိုတာကြောင့် နှုတ်ခွန်းဆက်စကား ပြောတယ်လို့ အတူ လိုက်ပါသွားတဲ့ ဗဟိုကော်မတီဝင် ဦးအုန်းကြိုင်က ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဒနာရှင်တွေက ထိုင်ကန်တော့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း လူနာတွေအတွက် အလိုအပ်ဆုံးဖြစ်တဲ့ ဆေးဝါးများ ရရှိအောင် မိမိအလှူခံပေးမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပါတီဒုတိယဥက္ကဋ္ဌ ဦးတင်ဦး ဗဟိုကော်မတီဝင် ဦးဝင်းတင်တို့အပြင် အမျိုးသမီးအဖွဲ့က တာဝန်ရှိသူတွေ လိုက်ပါ လာကြတယ်လို့ သိရပါတယ်။

မဖြူဖြူသင်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ စေတနာ့ဝန်ထမ်းတွေ၊ စုပေါင်းပြီး ကူသူမဲ့နေတဲ့ အေအိုင်ဒီအက်စ် ရောဂါသည်တွေကို ကူညီထောက်ပံ့နေခဲ့တာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

အရင်က မဂ္ဂင် ကျောင်းတိုက်မှာ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေကို စောင့်ရှောက်ထားခဲ့ပေမဲ့ ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းအပြီးမှာ ဒီဘုန်းကြီးကျောင်းကို စစ်အစိုးရက ပိတ်ပစ်ခဲ့ပါတယ်။

အခုအခါမှာတော့ တောင်ဒဂုံ ၈ ရပ်ကွက်အတွင်း အိမ်တလုံးငှားပြီး အနယ်နယ်အရပ်ရပ်က ဝေးဒနာသည်တွေကို စောင့်ရှောက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။