မြန်မာပြည်သူတွေဘက် ဆက်ရပ်တည်နေမယ်လို့ အမေရိကန်သံရုံးအကြီးအကဲသစ်ပြော

RFA Burmese
2023.07.18
မြန်မာပြည်သူတွေဘက် ဆက်ရပ်တည်နေမယ်လို့ အမေရိကန်သံရုံးအကြီးအကဲသစ်ပြော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်အား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က တွေ့ရစဉ်။
U.S. Embassy Rangoon

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို အမေရိကန်အစိုးရက အားပေးထောက်ခံနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲအသစ် ဆူဆန်စတီဗင်ဆင်က ပြောပါတယ်။

ဇူလိုင် ၁၇ ရက်မနေ့က ရုပ်သံဗီဒီယိုဖိုင်ကတစ်ဆင့် မြန်မာပြည်သူတွေကို မိတ်ဆက်စကားပြောကြားရာမှာ ထည့်သွင်းပြောခဲ့တာပါ။

ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ မြန်မာ့အရေးအတွက် အာဆီယံ အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ပါ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာ့သမိုင်းရဲ့ အခုလို အရေးပါတဲ့ကာလမှာ အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြုပြီး မြန်မာပြည်သူတွေကို အားပေးထောက်ခံသွားရမှာ ဂုဏ်ယူမိတယ်လို့လည်း ဆူဆန်စတီဗင်ဆင်က ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံတော်ပိုင် အကြီးမားဆုံးဘဏ္ဍာရေး အဖွဲ့အစည်းနှစ်ခုအပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း တစ်ရာကျော်ကို ပိတ်ဆို့အရေးယူခဲ့ပြီး ဒါဟာအာဏာရှင်အဖွဲ့အစည်းကို ဖိအားပေးရာရောက်သလို ငွေကြေးဈေးကွက်တွေနဲ့ ချိတ်ဆက်ဖို့ ပိုပြီးခက်ခဲစေခဲ့တယ်လို့လည်း ပြောထားပါတယ်။

ဆူဆန်စတီဗင်ဆင်ဟာ အခုလထဲနေရပ်ပြန်မယ့် အမေရိကန်သံရုံးအကြီးအကဲ ဒက်ဘ်လင်းနေရာမှာ ဆက်လက်တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအစိုးရဟာ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလထဲမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါ နေရပ်ပြန်သွားပြီးနောက် အမေရိကန် သံအမတ်ရာထူးအတွက် အသစ်ခန့်အပ်ခြင်းမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။