ရခိုင်အရေး သမ္မတ ကို ထောက်ခံတဲ့လှုပ်ရှားမှု မန်း အာဏာပိုင်များခွင့်ပြု
2012.08.26
တခြားပြည်နယ်နဲ့ တိုင်းဒေသတွေမှာ ဆန္ဒပြမယ်ဆိုရင် ပြင်ဆင်တာ၊ ကန့်သတ်တာ၊ ငြင်းပယ်တာတွေရှိ နေပေမယ့် အမရပူရ နဲ့ မန္တလေး (၅) မြို့နယ်လုံးမှာ အခုလို ဆန္ဒဖော်ထုတ်ခွင့် ပြုလိုက်တာဟာ တမျိုးသားလုံးနဲ့ဆိုင်တဲ့ လှုပ်ရှားမှုအပေါ် မန္တလေးတိုင်း အစိုးရအဖွဲ့ရဲ့ သဘောထားကြီးမှုကြောင့် ဖြစ်နိုင်တယ်လို့ ဆရာတော် ဦးဝီရသူက RFA ကို မိန့်ကြားပါတယ်။
မန္တလေးတိုင်း အစိုးရအဖွဲ့နဲ့ တခြားတိုင်းဒေသကြီးအစိုးရ ပြည်နယ်အစိုးရတို့ သဘောထားချင်း မတူတာကြောင့် အခုလို ခွင့်ပြုတာလည်း ဖြစ်နိုင်ကြောင်း၊ ရခိုင်အရေးမှာ မားမားမတ်မတ် ရပ်တည်တဲ့ သမ္မတကို မြန်မာပြည်သူတရပ်လုံးက ထောက်ခံမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် တစုံတရာ ပြဿနာ မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက် တပြိုင်နက်တည်း တရက်တည်းမှာ မြို့နယ်ပေါင်းစုံမှာ ကျင်းပခွင့်ပေးတယ်လို့ ယူဆကြောင်း ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။
မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယကဆရာတော် ဖြစ်တဲ့ ဦးဝီရသူဟာ ဆန္ဒဖော်ထုတ်ပွဲကို စက်တင်ဘာလ (၁) ရက်နေ့ဖြစ်တဲ့ ဝါခေါင်လပြည့်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး၊ ဒီလှုပ်ရှားမှုမှာ သံဃာတော်တွေပါ ပါဝင်မယ်လို့ သိရပါတယ်။ မန္တလေးမြို့က မြို့နယ်စုံမှာ ဆန္ဒဖော်ထုတ်ပွဲ ကျင်းပသွားမှာ ဖြစ်ပေမယ့် အမရပူရမြို့ မှာတော့ အလှမ်းဝေးတဲ့အတွက် ကျင်းပဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
ဆရာတော်ဟာ ရခိုင်အရေး မန္တလေးမြို့မှာ ဆန္ဒဖော်ထုတ်ပွဲ ဆင်နွှဲဖို့ အခုလ ၂၃ ရက်နေ့က အာဏာပိုင်တွေထံမှာ ခွင့်ပြုချက် တောင်းခံခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ တီရှပ်အင်္ကျ ီတွေလည်း ဝေငှဖို့ရှိပြီး၊ အဲဒီတီရှပ် အင်္ကျီမှာ ရှေ့ဘက်က သမ္မတဦးသိန်းစိန်ရဲ့ ဓါတ်ပုံနဲ့ ဝဲဘက်ရင်ညွန့်မှာ ရခိုင်တိုင်းရင်းသား အမှတ်အသား လိုဂိုဖြစ်တဲ့ ရခိုင်ဒင်္ဂါးပုံနဲ့ အောက်ခြေမှာ နိုင်ငံတော်ကို ကယ်တင်ဖို့ သမ္မတကြီးကို ထောက်ခံပါ ဆိုတဲ့ စာသားပါဝင်ပြီး၊ ကျောဘက်မှာတော့ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ ရုပ်ပုံကိုကြက်ခြေခတ်ထားတဲ့ပုံ ပါဝင်ကြောင်း သိရပါတယ်။