အာရှရေးရာ အထူးကိုယ်စားလှယ် နဲ့ ငြိမ်းချမ်းရေးကော်မရှင် တေ့ွဆုံ
2019.03.02

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ဆက်လက် ကူညီဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်း နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ မနေ့က တေ့ွဆုံဆွေးနွေးခဲ့ကြပါတယ်။
ရန်ကုန်မြို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံးမှာ တေ့ွဆုံခဲ့တဲ့အကြောင်း ငြိမ်းချမ်းရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မစ္စတာ စွန်းဂေါ်ရှန်းဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိဖို့ တပ်မတော် ကြိုးပမ်းနေတာတွေ၊ မြန်မာပြည် မြောက်ပိုင်းနဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုရရှိရေးနဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နှာစာမှာ ထောက်ခံရပ်တည်ပေးနေတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အလားတူပဲ ဖေဖော်ဝါရီလ ၂၇ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နဲ့ တေ့ွဆုံခဲ့ပြီး ၂၈ ရက်နေ့မှာတော့ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ တွေ့ဆုံကာ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး မြန်မာဘက်က အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိတဲ့အခြေအနေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီခရီးစဉ်အတွင်း မစ္စတာ စွန်းဂေါ်ရှန်းနဲ့ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့်သူတွေကို လက်ခံရေးအတွက် မြန်မာအစိုးရက ပြင်ဆင်ဆောင်ရွက်ထားရှိမှုတွေကို ရခိုင်ပြည်နယ်မှာ သွားရောက်လေ့လာခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။