မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ ကျိုင်းတုံမှာဆွေးနွေးဖို့ အစိုးရအဆိုပြု
2019.09.10

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ စက်တင်ဘာလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေမှာ တွေ့ဆုံပြီး နှစ်ဖက် သဘောတူအပစ်ရပ် စာချုပ်ရေးထိုးနိုင်ရေး ဆွေးနွေးဖို့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ဖိတ်ကြားစာပို့လိုက်ပါတယ်။
မနေ့က ရက်စွဲနဲ့ ဖိတ်ကြားလိုက်တဲ့စာမှာ ငြိမ်းချမ်းရေးအတွက် ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ကျင်းပပြုလုပ်မှာဖြစ်တာကြောင့် KIO,TNLA, MNDAA နဲ့ AA အဖွဲ့က အဆင့်မြင့် ကိုယ်စားလှယ်တွေ တက်ရောက်ပေးဖို့နဲ့ ကော်မရှင်ဘက်က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အပြည့်အဝ တာဝန် ယူပါကြောင်း ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တွေ့ဆုံပြီး ကတည်းက ပြန်လည်တွေ့ဆုံမယ့်နေ့ ဘယ်နေ့ ဆိုတာကိုကို နှစ်ဖက်သဘောတူခဲ့ကြပါတယ်။
ဒါပေမဲ့လို့ တိုင်းရင်းသားတွေက ဝပြည်နယ်၊ ပန်ဆန်းမြို့မှာတွေ့ဖို့ အဆိုပြုပြီး ကော်မရှင်က ရှမ်းပြည်နယ်၊ ကျိုင်းတုံ မှာတွေ့ဖို့ အဆိုပြုထားတာဖြစ်ပါတယ်။
ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ထံကို ငြိမ်းချမ်းရေးကော်မရှင်က ဖိတ်လိုက်တဲ့ စာရောက်ပြီဖြစ်ပြီး PCG က တဆင့် KIO/KIA ၊ အဲဒီကမှတဆင့် ကျန် သုံးဖွဲ့ထံ ဖိတ်ကြားစာ ပေးပို့ထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ နေရာအတွက် မြောက်ပိုင်းအဖွဲ့တွေကြား ညှိနှိုင်းနေဆဲဖြစ်ပြီး အကောင်းဆုံးဖြစ်သွားမယ်လို့ မြင်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆာင်အဖွဲ့ PCG က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။
“အဲနှစ်ခုကြားမှာ ဘယ်နေရာဆိုတာ အတိအကျမသိသေးဘူး။ မြောက်ပိုင်းအဖွဲ့ကလည်း ဘယ်နေရာ ဘယ်လို ဆိုတာကို အခုချိန်ထိ ပြောဆိုတာမရှိသေးဘူး။ အခုကျနော်တို့ ဆက်လက်ညှိနှိုင်းနေဆဲပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အကောင်းဆုံးတော့ ဖြစ်သွားမယ်လို့ ကျနော်ဒီလိုသုံးသပ်မိတယ်ဗျ။ ”
နှစ်ဖက်အပစ်အခတ်ရပ်စဲရေးဆွေးနွေးတဲ့အခါ တပ်နေရာချထားရေး ကိစ္စကို ထည့်သွင်းဆွေးနွေးရမှာ ဖြစ်ပြီး ဒီတစ်ကြိမ်ဆွေးနွေးပွဲမှာ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေပါဝင်လာဖို့လိုတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ဆွေးနွေးပွဲမှာတော့ ငြိမ်းချမ်းရေးကော်မရှင်ကသာ ပါဝင်ခဲ့ပြီး တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ မပါခဲ့ပါဘူး။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဒီတစ်ကြိမ်ဆွေးနွေးပွဲမှာ တပ်မတော်ဘက်က ပါလာနိုင်ခြေရှိတယ် လို့ RFA ကိုပြောပါတယ်။
“ကျနော်ပြောနိုင်တာကတော့ ပါဝင်မယ် Must လို့တော့ သေချာမပြောနိုင်ပါဘူး။ ပါဝင်ဖို့ ရှိနိုင်ပါတယ်ခင်ဗျ”
တပ်နေရာချထားရေးပိုင်းဆွေးနွေးတဲ့အခါ တိုင်းရင်းသားတွေက သူတို့အတွက် ဝ ဒေသ၊ ပန်ဆန်းက ပိုမိုလုံခြုံတယ်လို့ အမြင်ရှိနေ ပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်၊ ရခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ပြောတာက
“ကျိုင်းတုံဆိုရင်တော့ သူတို့ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တာပေါ့။ ပန်ဆန်းဆိုရင်တော့ ကျနော်တို့ရဲ့ ညီနောင် မဟာမိတ်တွေရဲ့ နယ်မြေလည်း ဖြစ်တာပေါ့။ ပန်ဆန်းဆိုရင် ကျနော်တို့အတွက်က လုံခြုံရေးအရ ပြီးတော့ နှစ်ဦးနှစ်ဖက်အပြန်အလှန် ပြောဆို တဲ့နေရာတွေမှာ ပိုပြီးတော့ကောင်းတာပေါ့။ လွန်ခဲ့တဲ့အစည်း အဝေးတုန်းက ပြောမယ်ဆိုရင် ကျိုင်းတုံမှာ စစ်တပ်ကနေ တာဝန်ခံဆွေးနွေးမယ့်သူ မပါလာတဲ့အခါကျတော့ ဆွေးနွေး ရတဲ့ဟာက နည်းနည်းအခက် အခဲဖြစ်တာပေါ့။”
ပန်ဆန်းဆိုရင် သွားရောက်လို့ အဆင်ပြေနိုင်မလားလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို မေး ကြည့်ရာမှာ NRPC ရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အဆင်ပြေနိုင်မယ့်နေရာကို ရွေးချယ်ထား တာဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ ပြောကြားချက်တွေဟာ တပ်မတော်နဲ့ညှိနှိုင်းပြီး ဆုံးဖြတ် ပြောဆိုတာသာ ဖြစ်တယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်က ဦးလှမောင်ရွှေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် လုံခြုံရေးအတွက် အာမခံချက်ပေးထားလို့ ဆွေးနွေးပွဲကို ဖြစ်မြောက်စေလိုတယ်လို့ ပြောပါတယ်။
“ဆွေးနွေးပွဲတွေ ဖြစ်စေချင်တယ်။ ဒါကြောင့်မို့လို့လည်း ဖိတ်တယ်။ တပ်မတော်ဘက်ကလည်း ၂၁ ရက်ထပ်ပြီးတော့ အပစ်ရပ်ထားပေးတယ်။ အားလုံးလည်း လုံခြုံရေးအပါအဝင် ဆွေးနွေးဖို့ အတွက်လည်း အာမခံချက်တွေ ပေးထားတော့ ဆွေးနွေးပွဲ ဖြစ်စေချင်ပါတယ်။”
ဆွေးနွေးပွဲ တက်ရောက်ဖြစ် မဖြစ်ကို မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ ဒီရက်ပိုင်းအတွင်း ဆွေးနွေးပြီး အကြောင်း ပြန်သွားမယ်လို့ ပြောကြပါတယ်။
လက်ရှိမှာ တပ်မတော်ဘက်က အခုလ ၂၁ ရက်နေ့အထိ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက စစ်တိုင်းဒေသကြီး ၅ ခုမှာ အပစ်ရပ်ထားသလို TNLA, AA, MNDAA အဖွဲ့တွေကလည်း သူတို့လှုပ်ရှားရာ ရှမ်းပြည်နယ်မြောက်ပိုင်းအနဲ့ ရခိုင်ပြည်နယ်တွေမှာ အောက်တိုဘာလ ၈ ရက်နေ့အထိ အပစ်ရပ်ထားပါတယ်။
(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)