တိုက်ပွဲတွေ ရပ်တန့်ရေး ကြိုးပမ်းမယ်လို့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းလေးဖဲ့ွ ထုတ်ပြန်


2019.08.31
northern-alliance-burma-pc-622.jpg မြောက်ပိုင်းလေးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ၂ဝ၁၉ သြဂုတ် ၃၁ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ တွေ့ဆုံစဉ်
Photo: Aung Thain Kha/RFA

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့နဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတာတွေ ရပ်တန့်နိုင်ဖို့၊ ပဏာမ အပစ်ရပ်စဲရေးသဘောတူညီချက်နဲ့ တပ်ပိုင်းဆိုင်ရာနေ ရာချထားမှုကိစ္စတွေကို ဆက်လက်ဆွေးနွေးဖို့အတွက် ဒီကနေ့ ကျိုင်းတုံဆွေးနွေးပွဲကနေ သဘောတူလိုက်ကြတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

လာမယ့် စက်တင်ဘာလ ၁၆ နဲ့ ၁၇ ရက်နေ့မှာ ထပ်မံတွေ့ဆုံတဲ့အချိန်မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး လက်မှတ်ရေးထိုးနိုင်တဲ့အထိ ဆွေးနွေးနိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

"ဆွေးနွေးညှိနှိုင်းမှုရဲ့သဘောတရားကတော့ အမြန်ဆုံးရပ်ဖို့လိုတယ်။ တိုက်ပွဲမဖြစ်ဖို့ တိုက်ပွဲမဖြစ်ပြီး သွားရင် ဒီ Ceasefire တည်ငြိမ်ဖို့လိုတယ်။ ခိုင်မာဖို့အတွက် သဘောတူညီချက်တွေလိုတယ်။ တပ်ပိုင်း ဆိုင်ရာနေရာချထားရေးဆိုတာ အဲဒါကိုဆိုလိုတာ ဘယ်တပ်ဘယ်မှာနေ ဘယ်တပ်ဘယ်မှာနေ ပြီးရင် လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်လို့ ထိတွေ့မှုတွေ သဘောသဘာဝအရဖြစ်တတ်တယ်။ ဘယ်လိုစည်းမျဉ်း စည်းကမ်းနဲ့လုပ်မလဲဆိုတာ အသေးစိတ်ဆွေးနွေးမယ်။ အဲဒါကြောင့် ဒီနေ့ဆွေးနွေးတာဖြစ်တယ်။ ဒီနေ့ အကြမ်းဖျဉ်းသဘောတူထားတဲ့ ဒီဟာတွေဆွေးနွေးဖို့ သဘောတူလိုက်ပြီပေါ့နော်"

တပ်နေရာချထားရေးအတွက် တပ်မတော်ဘက်က ခေါင်းဆောင်တွေ မပါဝင်တဲ့အတွက် အသေးစိတ်ကို မဆွေးနွေးနိုင်ခဲ့ဘူးလို့ AA အဖွဲ့က ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

"သိပ်ပြီးတော့မဆွေးနွေးခဲ့ပါဘူး။ တပ်နေရာချထားရေးက မြန်မာ့တပ်မတော်ဘက်ကခေါင်းဆောင်တွေ မပါတော့ မဆွေးနွေးခဲ့ရဘူး။ ကျွန်တော်တို့လေးဖွဲ့ကယူလာတဲ့ ကိုးကန့် ပလောင် ကချင် ရခိုင် လေးဖွဲ့ရဲ့ မူကြမ်းကို NRPC ဘက်ကို ပေးခဲ့ပါတယ်။ အလုပ်ဖြစ်တယ်လို့ပြောလို့ရပါတယ်။ ကျွန်တော်တို့လည်း အကောင်းဘက်ကိုမျှော်လင့်တယ်"

ဒီကနေ့ဆွေးနွေးပွဲကနေ အစိုးရကိုယ်စားလှယ်တွေကလည်း တပ်မတော်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဦးမှာဖြစ်သလို မြောက်ပိုင်း လေးဖွဲ့က ကိုယ်စားလှယ်တွေကလည်း သူတို့ရဲ့ခေါင်းဆောင်တွေကို တင်ပြဦးမှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

တပ်နေရာချထားရေးအတွက်ကိုလည်း နှစ်ဘက်တပ်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

"ဒီအဆိုပြုထားချက်တွေကိုယူသွားမယ်။ ယူသွားပြီးရင် အစိုးရနဲ့တပ်မတော်ဘက်နဲ့ ဆွေးနွေးရမှာဖြစ် တယ်။ နောက်တစ်ကြိမ် ၁၆၊ ၁၇ ပေါ့နော်။ ပြန်တွေ့တဲ့အချိန်ကျရင်တော့ နှစ်ဘက်ညှိနှိုင်းပြီးတော့ လက် မှတ် ရေးထိုးနိုင်တဲ့အဆင့်အထိရောက်ဖို့ မျှော်လင့်တယ်။ လတ်တလောမှာ အခုလက်ရှိဖြစ်နေတဲ့ အနေ အထားတွေမဖြစ်ဖို့ အဆိုပြုထားတာတွေရှိတယ်။ အဲဒီအချက်တွေကို သူတို့လတ်တလောမှာ ဆုံးဖြတ်နိုင်ခြင်းမရှိဘူး။ သူတို့ရဲ့ခေါင်းဆောင်တွေကို ပြန်တင်ပြပြီးတော့ အကြောင်းပြန်မယ်လို့ပြောတယ်"

နောက်တစ်ကြိမ်ဆွေးနွေးပွဲကို မြောက်ပိုင်းအဖွဲ့ကိုယ်စားလှယ်တွေက တရုတ်နိုင်ငံက နေရာတစ်ခုနဲ့ ဝ ပြည်နယ် ပန်ဆန်းမြို့ကိုအဆိုပြုထားသလို အစိုးရဖက်ကတော့ လက်ရှိကျိုင်းတုံမြို့ကိုပဲ ရွေးချယ်ဖို့ အဆိုပြုထားတယ်လို့ နှစ်ဖက်ကိုယ်စားလှယ်ခေါင်းဆောင်တွေက ပြောပါတယ်။

လက်ရှိမြေပြင်တိုက်ပွဲတွေဖြစ်ပွားနေတာတွေနဲ့ပတ်သက်ပြီး အရပ်သားပြည်သူတွေထိခိုက်သေဆုံးတာတွေဟာ မြောက်ပိုင်းအဖွဲ့တွေက သူတို့လက်ချက်မဟုတ်ဘူးလို့လည်း ငြင်းဆိုထားပါတယ်။

"၉ လ ပိုင်း ၁၆၊ ၁၇ နေရာကတော့ ကျွန်တော်တို့အဆိုပြုထားတာ ဒီပန်ဆန်းကို အဆိုပြုတယ် NRPC ဘက်ကတော့ အခုနေရာက ကောင်းမလား နေရာကိုတော့ နောက်ပိုင်းဆွေးနွေးသွားဖို့ရှိပါတယ်"

တစ်ဆက်တည်းမှာပဲ တပ်မတော်က ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းကြီး ငါးခုကို လာမယ့် စက်တင် ဘာလ ၂၁ ရက်နေ့အထိ စစ်ရေးလှုပ်ရှားမှုတွေကို ဆက်လက်ရပ်တန့်ထားတာကို နောက်ထပ်သက် တမ်းတိုးပေးလိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ ထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ ကျိုင်းတုံဆွေးနွေးပွဲရဲ့ ရလဒ်ဖြစ်ပြီး လာမယ့်စက်တင်ဘာလမှာ မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရတို့ ဆက်လက်တွေ့ဆုံနိုင်ဖို့အတွက် ခုလို သက်တမ်းတိုးမြှင့်ပေးလိုက်တာလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန် ချက် ဒီနေ့ထုတ်ပြန်ပါတယ်။ လေးကြိမ်မြောက်ဖြစ်ပါတယ်။ တိုင်းစစ်ဌာနချုပ်နယ်မြေ ငါးခုမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမှာဖြစ်တယ်။ ကျိုင်းတုံဆွေးနွေးပွဲရလဒ်လို့လည်း ပြောနိုင်ပါတယ်။ စက်တင်ဘာအတွင်းမှာပဲ သူတို့ ကျွန်တော်တို့ ပြန်လည်တွေ့ဆုံဖို့ ဆောင်ရွက်ထားတာရှိတယ်"

ကျိုင်းတုံမြို့မှာ ဒီကနေ့ဆွေးနွေးပွဲကျင်းပနေရာမှာ ဒီကနေ့မနက်ပိုင်းက ကွတ်ခိုင်မြို့နယ်ထဲ တပ်မတော်နဲ့ မြောက်ပိုင်း သုံးဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ ငါးဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။