စစ်ကောင်စီကို အမြန်ဆုံးအရေးယူဖို့ ညီနောင်မဟာမိတ် သုံးဖွဲ့ တောင်းဆို

ဒီဇင်ဘာလ ၂၄ ရက်နေ့က ကယားပြည်နယ် ဖရူဆိုမြို့၊ မိုဆိုရွာအနီး လူ ၃၅ ဦးကို စစ်ကောင်စီရဲ့ တပ်သား တွေက မီးရှို့သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုဖြစ်လို့ ကမ္ဘာ့နိုင်ငံတွေက အမြန်ဆုံး အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းသင့်တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာ ၂၇ ရက် မနေ့က ရက္ခိုင့်တပ်တော် (AA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်တာဖြစ်ပြီး စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လူသားမျိုးနွယ်စုအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာမို့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်မြေပြင်မှာစောင့်စည်းရမယ့် စစ်ဥပဒေ၊ အရပ်သားတွေကို အကာအကွယ်ပေးရမယ့် ဥပဒေတွေကို မျက် ကွယ်ပြုတဲ့ စစ်ရာဇဝတ်မှုဖြစ်ပြီး မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲ ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးတာလို့ RFA ကို မနေ့က ဖြေဆိုထားပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ရဲ့ ဒီဇင်ဘာလ ၂၇ ရက် မနေ့ကအထိ ရရှိထားတဲ့စာရင်းအရ အစု အပြုံလိုက် သတ်ဖြတ်မီးရှို့မှုကြောင့် သေဆုံးတဲ့ ရုပ်အလောင်း ၂၇ ခုကို အတည်ပြုနိုင်ပေမယ့် Save the Children အဖွဲ့က ဝန်ထမ်းနှစ်ဦး အပါအဝင် နောက်ထပ် လူ ၁၄ ဦးကတော့ ပျောက်ဆုံး နေဆဲဖြစ်ပါတယ်။
မိသားစုဝင်တွေရဲ့ စာရင်းပေးပို့ချက်အရ ပျောက်ဆုံးနေသူတွေထဲမှာ ဖရူဆိုမြို့နယ် လောဂျာရွာက လေးဦး၊ ခိုးရခူရွာက တစ်ဦး၊ Save The Children ဝန်ထမ်း နှစ်ဦနဲ့ လွိုင်ကော်မြို့က စီးပွားရေး လုပ်ငန်းရှင်တစ်ဦး အပါအဝင် ခုနစ်ဦး စုစုပေါင်း ၁၄ ဦးဖြစ်တယ်လို့ KnHRG တာဝန်ရှိသူက ပြောပါတယ်။