KIA/KIO နဲ့ ပူးပေါင်းဖို့အသင့်ရှိကြောင်း မဟာမိတ်သုံးဖွဲ့ဆို

လက်ရှိပြည်တွင်းရေး အခြေအနေအရ ကချင်လွတ်လပ်ရေး တပ်မတော် (KIA\KIO) နဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ AA ရက္ခိုင့်တပ်တော်၊ MNDAA မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နဲ့ TNLA တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့က ကြေညာလိုက်ပါတယ်။
၆၁ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာမှာ AA၊ MNDAA နဲ့ TNLA ညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့သဘောထားကို ကြေညာချက်ထုတ်ပြန်ပြီး ဖော်ပြလိုက်တာပါ။
အရင်က KIA\KIO နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ နိုင်ငံရေးပြဿနာတွေ၊ စစ်ရေးကဏ္ဍ တွေကို ဟန်ချက်ညီဖြေရှင်းနိုင်ခဲ့ဖူးပြီး လက်ရှိအခြေအနေမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ ရှိလာရင် အသင့်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ KIA ကို ဖွဲ့စည်းခဲ့ပြီး ဒီနေ့ကျရောက်တဲ့ ကချင်တော် လှန်ရေးနေ့မှာ ညီနောင်မဟာမိတ်သုံးဖွဲ့က ထပ်တူတန်ဖိုးထားသလို (KIA\KIO) ဟာ TNLA နဲ့ AA တို့ကို ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ စတင်မွေးဖွားပေးခဲ့လို့ ကချင်လူထုနဲ့ KIA\KIO ကို ကျေးဇူးတင်တယ်လို့ ဖော်ပြထားပါတယ်။
KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကလည်း စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဝန်းရံဖို့လိုပြီး စစ်အာဏာရှင်က ပေးကမ်းထားတဲ့ အခွင့်အရေးတွေက ရေရှည်မခံဘူးလို့လည်း ဒီနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားပါတယ်။
AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ဘုံရန်သူတူညီကြပြီး စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တူ အခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ၇၃ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။