ကျိုင်းတုံဆွေးနွေးပွဲ မြောက်ပိုင်းလေးဖဲ့ွ တက်မည်
2019.09.12

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အစိုးရက ဖိတ်ကြားထားတာကို မြောက်ပိုင်း မဟာမိတ် လေးဖွဲ့လုံးက လက်ခံလိုက်ပါတယ်။
လာမယ့် စက်တင်ဘာလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေမှာ ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ အစိုးရက ကမ်းလှမ်း ထားတဲ့အပေါ် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ၁၇ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ အကြောင်းပြန်ထားတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက RFA ကို ပြောပါတယ်။
ဆွေးနွေးပွဲကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်ကဘယ်သူတွေတက်မယ်ဆိုတာကိုတော့ အတိအကျမသိ ရသေးကြောင်းနဲ့ ဆွေးနွေးပွဲမှာ တပ်မတော်ကိုယ်စားလှယ်တွေ ပါဝင်လာမယ်လို့ မျှော်လင့်ကြောင်းလည်း ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။
ကျိုင်းတုံမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ကကျင်းပခဲ့တဲ့ အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ဆွေးနွေးပွဲမှာ စက်တင်ဘာလအတွင်း ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ပြီးနောက်မှာ ကျိုင်းတုံမှာပဲ ထပ်မံတွေ့ဆုံဖို့ အစိုးရက ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တွေသာ တက်ရောက်ခဲ့တာကြောင့် တပ်နေရာချထားရေး ကိစ္စတွေ မဆွေးနွေးဖြစ်ခဲ့ပဲ လာမယ့် ဆွေးနွေးပွဲမှာ တပ်မတော် ကိုယ်စားလှယ်တွေ ပါဝင်လာမယ်ဆိုရင် ပဏာမ အပစ်ရပ် လက်မှတ်ရေးထိုးရေးအတွက် အဓိကအခက်အခဲဖြစ်နေတဲ့ တပ်နေရာချထားရေးကိစ္စကိုလည်း ဆွေးနွေးနိုင်မယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေက မျှော်လင့်နေပါတယ်။
လာမယ့် ဆွေးနွေးပွဲမှာ တပ်မတော် ကိုယ်စားလှယ်တွေ တက်ရောက်သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။
ပထမအကြိမ် ကျိုင်းတုံမှာ ဆွေးနွေးပွဲပြီးနောက်ပိုင်း တပ်မတော်က စစ်ဌာနချုပ်နယ်မြေ ငါးခုမှာ အပစ်ရပ်ကြေညာ ထားတာကို စက်တင်ဘာလ ၂၁ ရက်နေ့အထိ သက်တမ်းတိုးခဲ့ပါတယ်။
အလားတူ AA၊ TNLA၊ MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကလည်း အောက်တိုဘာလ ၈ ရက်နေ့အထိ ရက် ၃၀ ကြာ အပစ်ရပ်ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)