ဆွမ်ပရာဘွမ်မြို့နယ်မှာ စာမေးပွဲ မဖြေရသူ ၃၇ ယောက်ရှိ


2018.02.23
myitkyina-students-622.jpg မြစ်ကြီးနားမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှာ ၂၀၁၆ မတ် လ ၉ ရက်နေ့က တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုတဲ့ ကျောင်းသားတွေကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်မှာ လုံခြုံရေးအခြေအနေတွေကြောင့် စာမေးပွဲမဖြေဆိုရတဲ့ စတုတ္ထတန်းနဲ့ အဋ္ဌမတန်းကျောင်းသား ၃၇ ယောက်ရှိပါတယ်။

အဲဒီကျောင်းသားတွေကို အရန်စာမေးပွဲမေးခွန်တွေနဲ့ နယ်မြေအေးချမ်းလာချိန်မှာ စာမေးပွဲ ပြန်လည်ပြုလုပ်ပေး မှာဖြစ်ကြောင်း ကချင်ပြည်နယ်ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဦး က ဒီကနေ့ပြောပါတယ်။

"မေးခွန်းရှိတဲ့ ဆွမ်ပရာဘွမ်မြို့နယ်မှာ သွားယူနိုင်ခြင်းမရှိတဲ့အတွက်၊ လမ်းပိတ်နေတဲ့အတွက် သူတို့ လောလောဆယ် ဖြေခွင့်မရှိသေးပါဘူး။ ခရိုင်မှာရှိနေတဲ့ အဋ္ဌမတန်း အရန်မေးခွန်း၊ မြို့နယ် ရုံးတွေမှာရောက်နေတဲ့ စတုတ္ထတန်း အရန်မေးခွန်းတွေနဲ့ ဖြေရမှာဖြစ်ပါတယ်။ အဲဒါကတော့ နိုင်ငံရေး အခြေအနေအရ မတ်လမှာ မငြိမ်ရင် ဧပြီလ ဖြေမယ်။ ဧပြီလ မဖြေရင် မေလ မှာဖြေမယ်။ မေလမှ အဆင်မပြေဘူးဆိုရင်လည်း ဇွန်လမှ ပြန်စဉ်းစားပြီးမှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လောလော ဆယ် စာမေးပွဲမဖြေရတဲ့ အလယ်တန်းဆင့် ရှစ်တန်းကျောင်းသား ၅ ယောက် လေးတန်းကျောင်းသား ၃၂ ယောက် စုစုပေါင်း ၃၇ ယောက်ပဲ ရှိပါတယ်။ ကျန်တာကတော့ တပြည်နယ်လုံး ကတော့ အေးအေးဆေးဆေးပါပဲ။"

စာမေးပွဲမဖြေဆိုရတဲ့ ကျောင်းသားတွေဟာ ခါ့ဂရန်းယန်၊ လိုင်ဝါးယန်၊ မိုင်ထောင်၊ ဒရူးခ၊ ဆွပ်ခါး စတဲ့ရွာတွေက မူလတန်းနဲ့ အလယ်တန်းကျောင်း ၅ ခုက အဋ္ဌမတန်းကျောင်းသား ၅ ယောက်နဲ့ စတုတ္ထတန်းကျောင်းသား ၃၂ ယောက်ဖြစ်ပါတယ်။

အခြေခံပညာအဆင့် စာမေးပွဲတွေဖြစ်တဲ့ စတုတ္ထတန်း စာမေးပွဲက ဒီကနေ့ပြီးဆုံးမှာဖြစ်ပြီး၊ အဋ္ဌမတန်း စာမေးပွဲကတော့ လာမယ့် ဖေဖော်ဝါရီ၂၆ ရက်နေ့မှာ ဖြေဆိုပြီးမှာဖြစ်ပါတယ်။

ဒီကနေ့မှာ ပြည်နယ်အတွင်းက စာစစ်ဋ္ဌာန ၆၆ ခုအတွက် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန် လွှာတွေကို လုံခြုံရေးအစီအမံတွေနဲ့ ထုတ်ပေးနေပြီဖြစ်ပါတယ်။

လာမယ့် ၂၀၁၈ ခုနှစ် မတလ် ၇ ရက်နေ့မှာ စတင်ဖြေဆိုမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ လတ်တလော နယ်မြေမတည်မငြိမ်ဖြစ်နေတဲ့ ဆွမ်ပရာဘွမ်မြို့နယ်က ကျောင်းသား ၇၁ ယောက်နဲ့ တနိုင်းမြို့နယ်က ကျောင်းသား ၁ ထောင်ဝန်းကျင် အပါအဝင် တပြည်နယ်လုံးက ကျောင်းသား အယောက် ၃ သောင်းကျော် ဝင်ရောက်ဖြေဆိုကြမှာ ဖြစ်ပါတယ်။

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းပေါ်မှာ လမ်းတံတားတချို့ ပျက်စီးမှုတွေရှိနေ တာကြောင့် မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ်နဲ့ ပူတာအိုဘက်ကို လမ်းကြောင်းတွေ ပြတ်တောက်လို့ အဲဒီဒေသဘက်မှာ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတာအခုဆို ၁ လ နီးပါး ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။