မန္တလေးက ကျူးကျော်အိမ်ရှင်တွေကို ရုံးတင်စစ်ဆေး


2013.03.25
sue-illegal-tenants-mandalay-305.jpg မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်မှာရှိတဲ့ ကျူးကျော်အိမ်ရှင်တွေကို ဒီကနေ့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့စဉ်
photo: RFA/ San Oo

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်မှာရှိတဲ့ ကျူးကျော်အိမ်တွေကို အခုမတ်လအတွင်း မြို့တော်စည်ပင်သာယာရေးကော်မတီက ဖယ်ရှားရှင်းလင်းရာမှာ ပြန်လည်ဟန့်တားခဲ့တဲ့ ဒေသခံ ၁၂ ဦးကို တရားစွဲဆိုပြီး ဒီကနေ့ ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ဒေသခံတွေကို မြို့နယ်ရဲတပ်ဖွဲ့မှူးက ပုဒ်မ (၃၅၃) ဝတ္တရားနှောင့်ယှက်မှု၊ ပုဒ်မ(၁၁၄) အားပေးကူညီမှု၊ ပုဒ်မ(၄၄၇) ပိုင်နက်ကျူးလွန်မှုစတဲ့ ပုဒ်မတွေနဲ့ တရားလို ပြုလုပ်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
တရားစွဲခံရတာနဲ့ ပတ်သက်ပြီး ဒေသခံ ဒေါ်ရှမ်းမက RFA ကို အခုလို ပြောပါတယ်။

“တကယ်နေဖို့နေရာ လိုအပ်လွန်းလို့သာ ကျမတို့ကဝင်တာ၊ သူတို့ကို တော်လှန်တာလည်း မရှိဘူး၊ ပုန်ကန်တာလည်း မရှိဘူး၊ ဘာတစ်ခုမှ ကျမတို့ တုတ်ဓားဆွဲပြီးတော့ လုပ်တာလည်းမရှိဘူး၊ အခုကျမတို့က သူတို့ရဲ့လုပ်ငန်းကို နှောင့်ယှက်ပါတယ်ဆိုပြီးတော့မှ ကျမတို့ကို ပြန်ပြီးတရားစွဲတာ”

ဒီနေ့ရုံးမှာ တရားစွဲဆိုခံရသူတွေထဲက ၁၁ ဦးကို ကိုယ်တိုင်ခံဝန်ချက်နဲ့ အာမခံပေးခဲ့ပြီး ကျန်တဲ့ ၁ ဦးကိုတော့ တရားရုံးကို ရောက်မလာတဲ့အတွက် အာမခံမပေးခဲ့ပါဘူး။  ဒီအမှုကို လာမယ့်ဧပြီလ ၈ ရက်နေ့မှာ ပြန်လည်ရုံးချိန်းခေါ်ဆိုထားပါတယ်။

အဲ့ဒီကျူးကျော်အိမ်တွေကို ပြီးခဲ့တဲ့နှစ်က အာဏာပိုင်တွေက မြေတူးစက်တွေနဲ့ အဓမ္မဖယ်ရှား ရှင်းလင်းခဲ့ပေမယ့် ဒီနေရာမှာပဲ မိသားစု ၃၀ လောက်က ပြန်ပြီးအခြေချနေထိုင်ခဲ့ကြပါတယ်။ အဲ့ဒီအတွက် အာဏာပိုင်တွေက အခုလ ၃ ရက်နေ့မှာ ထပ်မံဖယ်ရှားရှင်းလင်းခဲ့တာကို ဒေသခံတချို့က ပြန်ပြီးဟန့်တားခဲ့ကြတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။