ရုရှားထုတ် SU-30 ဂျက်တိုက်လေယာဉ် မကြာခင်အသုံးပြုလာနိုင်ကြောင်း လေ့လာသူတွေပြော
2023.12.16

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်နေချိန်မှာပဲ ရုရှားနိုင်ငံထုတ် SU-30 SME ဂျက်တိုက်လေယာဉ်နှစ်စီးကို ဒီဇင်ဘာ ၁၅ ရက်မနေ့က စစ်ကောင်စီရဲ့လေတပ် (၇၆) နှစ်မြောက် နေ့မှာ တပ်တော်ဝင်ခဲ့ပါတယ်။
အဲဒီ ဂျက်တိုက်လေယာဉ်တွေဟာ ရုရှားဆီကနေမှာယူထားတဲ့ ခြောက်စီးထဲက နှစ်စီးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကတည်းက စစ်ကောင်စီထံကို ရောက်နေခဲ့တာပါ။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ထားတဲ့ လေတပ်တပ်ကြပ်ကြီး ဇေယျကတော့ အဲဒီ SU–30 လေယာဉ်တွေကို အခုအချိန်မှာ နည်းပညာအခက်အခဲတွေ ကြောင့် အသုံးပြုတာမတွေ့ရသေးပေမယ့် မကြာခင် အသုံးပြုလာနိုင်တယ်လို့ RFA ကို ပြောပါတယ်။
“အဲဒီ တိုက်လေယာဉ်မှာသုံးတဲ့ ဗုံးတွေက အခု ကပစ (ကာကွယ်ရေးစစ်လက်နက် ပစ္စည်းစက်ရုံ) ကထုတ်တဲ့ ဗုံးတွေနဲ့ မရဘူး။ ကပစက အဲဒါကို စံမီအောင်ထုတ်ပေးမှ အသုံးပြုလို့ရမယ်။ တခြား တိုက်လေယာဉ်တွေထက် SU-30 တိုက်လေယာဉ်ရဲ့ ထိရောက်မှုက ပိုပြီးများပါတယ်။ ကုန်ကျစရိတ်လည်း များတယ်”
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခေတ်သစ်စစ်ပွဲတွေမှာ လေကြောင်းစွမ်းအား သာလွန်မှုကို အသုံးပြုပြီး ရန်သူတွေအပေါ်လွှမ်းမိုးနိုင်တာကြောင့် အခုလေယာဉ်တွေဟာ တိုက်ခိုက်ရေးစွမ်းအား တိုးတက်မှုကို အထောက်အကူ ဖြစ်စေတယ်လို့ မနေ့က တပ်တော်ဝင်အခမ်းအနားမှာ ပြောခဲ့ပါတယ်။
လေတပ်ဟာ စစ်ဆင်ရေးတွေမှာ ခေတ်အဆက်ဆက် တာဝန်ကျေပွန်ခဲ့တာကြောင့် လက်ရှိလည်း နယ်မြေဒေသ တည်ငြိမ်ရေးအတွက် လေကြောင်းစွမ်းအားကို ထိထိရောက်ရောက် အသုံးချနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။
ကမ္ဘာ့စစ်ရေးစစ်ရာတွေ ဖော်ပြနေတဲ့ Update Defense အဖွဲ့ကတော့ SU-30 ဟာ ရုရှားနဲ့ တရုတ်နိုင်ငံလုပ် ဂျက်တိုက်လေယာဉ်တွေ အများစုရှိတဲ့ မြန်မာစစ်ကောင်စီရဲ့ လေတပ်မှာ လက်ရှိ ခေတ်အမီဆုံးပဲလို့ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ဖော်ပြခဲ့ပါတယ်။
SU-30 ဂျက်တိုက်လေယာဉ်ရဲ့ ဦးပိုင်းမှာ ရေဒါနဲ့ လေယာဉ်သုံး အီလက်ထရွန်းနစ် ပစ္စည်းတွေ တပ်ဆင်ထားပြီး စက်သေနတ်၊ ဗုံး၊ ဝေဟင်က ဝေဟင်ပစ် ဒုံးကျည်၊ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံးနဲ့ မြေပြင်ခွင်းဒုံးစတဲ့ လက်နက်တွေ တင်ဆောင်နိုင်အောင် ဒီဇိုင်းဆွဲထားပါတယ်။
ပဲ့ထိန်းရော ပဲ့ထိန်းမဲ့ဒုံးတွေပါ သုံးနိုင်ပြီး လောင်စာဆီမဖြည့်ဘဲ ကီလိုမီတာသုံးထောင်နဲ့ ညီမျှတဲ့ မိုင် ၁၈၀၀ ကျော် ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။