ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ ပါတီများကို ၈၈ မျိုးဆက်ကျောင်းသားတွေ တိုက်တွန်း
2010.08.14

AFP
မနေ့က စစ်အစိုးရ သတင်းဌာနတွေက ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို နိုဝင်ဘာလ ၇ ရက်လို့ ကြေညာလိုက်ချိန်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေက တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်တဲ့အတွက် ခုလို တိုက်တွန်းလိုက်တာလို့ ဆိုပါတယ်။
ဒါ့ပြင် တိုင်းရင်းသားပါတီတွေ အနေနဲ့ ကိုယ့်ပြည်နယ်အကျိုးကို ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်လိမ့်မယ် ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိပင် ရှိငြားသော်လည်း အချည်းနှီးဖြစ်မယ့် အနေအထား ဖြစ်တယ်လို့ ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသား ကိုစိုးထွန်းက အခုလို ပြောပါတယ်။
“အခုအခြေအနေမှာ ပါတီတွေ အကုန်လုံးဟာ ကန့်သတ်ခံနေရတယ်။ ပြည်နယ်တွေမှာဆိုရင်လည်း တိုင်းရင်းသားပါတီတွေဟာ အုပ်ချုပ်ရေးအာဏာမှာ နအဖ အစိုးရက ဝင်ရောက်စွက်ဖက်မယ့် ပုံစံမျိုးတွေ အများကြီးပြင်ဆင်ထားတာ ရှိတယ်။ ဥပဒေတွေနဲ့ ပြဌာန်းထားတာတွေ ရှိတယ်။ ခုလို ပုံစံမျိုးနဲ့ဆိုရင် လွှတ်တော်အမတ်တွေ ရွေးကောက်ပွဲမှာ နိုင်မှာ မဟုတ်တော့ဘူး ဆိုတာ သေချာသလောက် နီးပါး ဖြစ်နေတဲ့အတွက် ဒီရွေးကောက်ပွဲကို ဝင်ဖို့ လုံးဝ မဖြစ်သင့်ဘူးလို့ ယူဆတယ်”
ဒါ့အပြင် ၉၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ NLD ပါတီ ပါဝင်ခြင်းမရှိဘဲ ရွေးကောက်ပွဲကို ပြုလုပ်ခြင်းဟာလည်း မတရားတဲ့လုပ်ရပ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီတွေ အနေနဲ့ NLD ပါတီနဲ့ လက်တွဲပြီး စစ်အစိုးရကျင်းပတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ လိုတယ်လို့ ၈၈ ကျောင်းသားတွေက ယူဆထားကြောင်း၊ ပါတီများကိုလည်း တိုက်တွန်းပါကြောင်း ကိုစိုးထွန်းက ပြောဆိုသွားပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းကို ဦးခင်မောင်စိုးက ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။။ |
![]() |
အသံဖိုင်ယူရန်။ |