သမဂ္ဂအဆောက်အဦးဟောင်းနေ ရာမှာ အဆောက်အဦး ဆောက် လုပ်နေတာကို ကန့်ကွက်ဆန္ဒပြ


2017.02.27
students-union-building-protest-620.jpg ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်းနေရာမှာ အဆောက်အဦးသစ် မဆောက်လုပ် ဖို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖယောင်းတိုင်မီးထွန်းဆန္ဒပြခဲ့စဉ်
Photo: Htet Arkar/RFA

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦးဟောင်းနေရာမှာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က အဆောက်အဦးတစ်ခု ဆောက်လုပ်နေတာကို ဖျက်သိမ်းပေးဖို့ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေက ဒီနေ့ ညနေမှာ ကန့်ကွက် ဆန္ဒပြကြပါတယ်။

ကျောင်းသားသမဂ္ဂတွေအားလုံးသဘောတူညီတဲ့ သမဂ္ဂအဆောက်အဦးဖြစ်ပေါ်လာရေး ညှိနှိုင်းဆောင်ရွက်လို့ မပြီးမချင်း သမဂ္ဂရင်ပြင်နေရာကို နဂိုအတိုင်းထားပေးဖို့ တောင်းဆိုတယ်လို့ ဒီနေ့ဆန္ဒပြပွဲမှာပါဝင်တဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောပါတယ်။

"အများသဘောတူတဲ့ ကျောင်းသားမျိုးဆက်အဆက်ဆက်အားလုံးသဘောတူတဲ့ လိုင်းတစ်ခုမကျမခြင်း သမဂ္ဂရင်ပြင်ကို ဒီတိုင်းပဲထားဖို့ ဒီနေရာမှာက ကျနော်တို့ ညှိနှိုင်းသွားနေချိန် ဘာတစ်ခုမှမလုပ်သင့်ဘူး လို့မြင်တယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေရပ်ထားဖို့ ရှိနေတဲ့ အဆောက်အဦးကိုလည်း နဂိုပုံစံအတိုင်း သမဂ္ဂရင်ပြင်အတိုင်းထားဖို့ ဆန္ဒပြ တောင်းဆိုတာပါ"

မနေ့ညပိုင်းက ကျောင်းသားသမဂ္ဂအဆောက်အဦးဟောင်းနေရာမှာ ကော်မတီရုံးတည်ဆောက်နေ တာဖြစ်ပြီး ကျောင်းသားတွေက ကန့်ကွက်ကြတဲ့အတွက် ကော်မတီ ဖြစ်မြောက်ရေးအဖွဲ့ရဲ့ ညှိနှိုင်းမှုကြောင့် ဒီနေ့နေ့လည်မှာ ဆောက်လုပ်နေမှုကို ရပ်တန့်ထားလိုက်ကြောင်း တကသအဆောက်အအုံ ပြန်လည် တည်ဆောက်ရေးကော်မတီဖွဲ့စည်းရေးအဖွဲ့(အကြိုကော်မတီ)က သတင်းထုတ်ပြန်ပါတယ်။

ကျောင်းသားသမဂ္ဂအဆောက်အဦးကို ပြန်လည်တည်ဆောက်ဖို့အတွက် အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင်တွေ ၊ ၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂမျိုးဆက်၊ ၁၉၈၈ ခုနှစ် ကျောင်းသားသမဂ္ဂ မျိုးဆက် စတဲ့ ကျောင်းသားဟောင်းတွေ ပါဝင်တဲ့ ၂၁ ဦးအဖွဲ့ကို အကြိုအနေနဲ့ ကော်မတီဖြစ်မြောက်ရေး(အကြိုအဖွဲ့)အဖြစ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂအဆောက်အဦးဟာ ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းပြီးနောက် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ မနက် အစောပိုင်းမှာ ဖောက်ခွဲဖျက်ဆီးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီအဆောက်အဦးအဟောင်းနေရာမှာ အသစ်ပြန်လည်ဆောက်လုပ်မယ်ဆိုတဲ့အပေါ် အထက်မြန်မာပြည် ဗကသ ကျောင်းသားသမဂ္ဂအဖွဲ့က မနေ့က မန္တလေးမြို့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။