တကသ အဆောက်အဦးကိစ္စ ကျောင်းသားအဖွဲ့ ၁၅ ဖွဲ့ ထုတ်ပြန်ချက်ကို သုံးရောင်ခြယ် ကန့်ကွက်
2017.11.19
မူလကျောင်းသားသမဂ္ဂအဆောက်အဦးနေရာမှာ မည်သည့်အဆောက်အဦးမှ ဆောက်လုပ်ခြင်းမပြုဖို့ ကျောင်းသား အဖွဲ့ ၁၅ ဖွဲ့ စုပေါင်းထုတ်ပြန်တဲ့ သဘောထားကြေညာချက်ကို သုံးရောင်ခြယ် ကျောင်းသားအဖွဲ့က ဒီနေ့ ကန့်ကွက် လိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်တက္ကသိုလ်ဓမ္မာရုံမှာ ကျင်းပတဲ့ ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အဦး ဆိုင်ရာဆွေးနွေးပွဲမှာ သုံးရောင်ခြယ်ကျောင်းသားအဖွဲ့က ဦးစောနေဝင်းက အခုလိုကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့အဖွဲ့အစည်းသည် တက်သွားတဲ့သူလည်း မရှိပါဘူး၊ တက်တဲ့ကျောင်းသားလည်း မရှိတဲ့ အတွက်ကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ တာဝန်ယူမှာ မဟုတ်တဲ့ အတွက်ကြောင့် ကျနော်တို့ ပြောပါတယ်၊ ဒီကိစ္စကို ကန့်ကွက်တဲ့အကြောင်း ကျနော်တို့ ပြောပါတယ်"
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရှစ်လေးလုံးမျိုးဆက်(ပြည်ပ)၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ တက္ကသိုလ် ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ၊ ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER စတဲ့ ကျောင်းသားအဖွဲ့ ၁၅ ဖွဲ့ဟာ ကျောင်းသားသမဂ္ဂများ တရားဝင်တည်ရှိခွင့်၊ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လှုပ်ရှားခွင့်၊ ကျောင်းသားသမဂ္ဂနဲ့ စင်ပြိုင်သဘောဆောင်တဲ့ ဘယ်ကျောင်းသားအဖဲ့ွအစည်းကိုမှ ဖွဲ့စည်းခွင့်မပြုဖို့၊ တက္ကသိုလ် ကောလိပ် သိပ္ပံတွေမှာ ကျောင်းပဋိဉာဉ် ရေးဆွဲရေးမှာ သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင် ရွက်ဖို့၊ သမဂ္ဂတွေ ဖွဲ့စည်းခွင့်မူဝါဒတွေကို တရားဝင်ထုတ်ပြန်ပြီးမှ တကသ အဆောက်အဦးဆောက်လုပ်တဲ့ လုပ်ငန်းစဉ်ကို စတင်ဖို့ စတဲ့ အချက်တွေကို မနေ့ကရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့ဆွေးနွေးပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ခေတ်အဆက်ဆက် ကျောင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံရေး အင်အားစုတွေ တက်ရောက်ခဲ့ကြပြီး သမဂ္ဂတွေ တရားဝင် တည်ရှိခွင့်ရရှိရေးနဲ့ တကသ အဆောက်အဦး တည်ဆောက်ရေးအပေါ် ကျောင်းသားအဖွဲ့အစည်းအသီးသီးက သူတို့ရဲ့ သဘောထားတွေကို ဒီနေ့ ဆွေးနွေးခဲ့ တာဖြစ်ပါတယ်။
ဆွေးနွေးချက်တွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက အစိုးရထံတင်ပြသွားမှာဖြစ်ပါတယ်။
ကျောင်းသားသမဂ္ဂတည်ဆောက်ဖို့အတွက် အချိန်ကြန့်ကြာအောင် လုပ်ဆောင်နေသူတွေဟာ စစ်အစိုးရနဲ့ အတူတူပဲလို့ ၁၉၆၂ ခုနှစ်ကျောင်းသားအဖွဲ့က ဒီနေ့ ပြောခဲ့ပါတယ်။
တကသ အဆောက်အဦးတည်ဆောက်ရေးအတွက် အစိုးရက လက်သင့်တဲ့ ကျောင်းသားအဖဲ့ွအစည်းတွေကို ခေါ်ယူတေ့ွဆုံမှုအပေါ် အခြေခံပညာကျောင်းသားများသမဂ္ဂက ဝေဖန်ပြောဆိုခဲ့တဲ့အတွက် ဆွေးနွေးပွဲ တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အငြင်းပွားခဲ့ကြပါတယ်။
ကျောင်းသားသမဂ္ဂ အဆောက်အုံတည်ဆောက်ဖို့အတွက် အစိုးရကမြန်မာငွေကျပ် ၅ဘီလီယံ ဘတ်ဂျက်ချပေးထား ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက်အဦး ဆိုင်ရာဆွေးနွေးပွဲဟာ နောက်ဆုံးအကြိမ် ဆွေးနွေးပွဲဖြစ်ပါတယ်။