သမဂ္ဂအဆောက်အအုံကိစ္စ အစိုးရဘက်က တုံ့ပြန်မှု မရှိကြောင်း ကျောင်းသားအဖွဲ့တွေ ရှင်းလင်း
2018.02.10

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဆောက်လုပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခွင့်ရဖို့ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် သက်ဆိုင်ရာဌာနတွေထံ စာပေးပို့ထားတဲ့အပေါ် အစိုးရဘက်က တုံ့ပြန်မှုမရှိဘူးလို့ ကျောင်းသားအဖွဲ့အစည်းတချို့က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
၁၉၆၂ ခုနှစ် ကျောင်းသားအရေးတော်ပုံ ကျောင်းသားခေါင်းဆောင်ဟောင်းတွေ ဦးဆောင်ပြီး ဒီကနေ့ ရန်ကုန်မြို့၊ မဂ္ဂင်ကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သမဂ္ဂအဆောက်အအုံဟောင်းနေရာမှာ ဆောက်လုပ်ရေးပစ္စည်းတွေ နေရာချထားသလို ကျောင်းသားအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုကိုလည်း တုံ့ပြန်မှုမရှိလို့ စိုးရိမ်တယ်လို့ ဆိုရှယ်ဒီမိုကရက်တစ်တပ်ဦးရဲ့ စည်းရုံးရေးကော်မတီဝင် ကိုကျော်ကိုကို က ပြောပါတယ်။
"စိတ်ပူတာပေါ့နော်။ ပထမဦးဆုံးက တုံ့ပြန်မှုမလာဘူး။ မသိကျိုးကျွန် လုပ်တယ်ပေါ့။ ကျနော်တို့ တောင်းဆိုချက်တွေ၊ ကျနော်တို့ ဆွေးနွေးချက်တွေကို ဖယ်ရှားပြီးတော့ သူ့သဘောသူဆောင်တဲ့ လုပ်ငန်းတွေ လုပ်သွားမှာကို ကျနော်တို့ စိတ်ပူပါတယ်။ ပစ္စည်းတွေကိုလည်း မဖယ်ရှားသေးဘူးဆိုတော့ အဆင်သင့်ပေါ့ တည်ဆောက်ဖို့များ ပြင်ဆင်နေတာလားပေါ့။ ပြီးတော့ သူတို့ အစိုးရ ဘတ်ဂျက်နဲ့ တည်ဆောက်မယ်လို့ သတင်းကြားတယ်။ ဒါပေမဲ့ အဲဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင် အစီအစဉ် မချနိုင်တဲ့အတွက် ဘတ်ဂျက်ကို ပြန်အပ်လိုက်ရတယ်လို့ ကြားတယ်။ ဒါပေမဲ့ ဘတ်ဂျက်က ပြန်အပ်လိုက်ရပေမယ့်လည်း တည်ဆောက်ချင်တယ် ဆိုလို့ရင် အစိုးရက နေ့ချင်း ညချင်း တည်ဆောက်နိုင်တဲ့ အခွင့်အာဏာရော၊ လုပ်ပိုင်ခွင့်တွေရော သူတို့မှာ ရှိနေတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီအဆောက်အဦးကို ကျနော်တို့ကို အသိပေးခြင်း၊ အကြောင်းကြားခြင်း၊ ကျနော်တို့ သဘောတူညီချက်တွေကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲနဲ့ ရုတ်ချည်း အကောင်အထည်ဖော်လိုက်မှာ ကို ကျနော်တို့က စိတ်ပူတယ်။ အဲဒါကို ကျနော်တို့က စောင့်ကြည့်နေတယ်။ အကယ်၍ အဲလို အကောင်အထည် ဖော်ပြီဆိုလို့ရှိရင်တော့ ကျောင်းသားထုနဲ့ ထိပ်တိုက် တွေ့ရလိမ့်မယ်လို့ ကျနော်မြင်တယ်ပေါ့နော်"
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ ရက်စွဲနဲ့ ပေးပို့တောင်းဆိုထားတဲ့ စာထဲမှာ NLD အစိုးရရဲ့ ဘဏ္ဍာငွေနဲ့ တကသအဆောက်အအုံ ပြန်ဆောက်ဖို့ အားထုတ်နေတာဟာ ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံနဲ့ ပတ်သက်တဲ့ တရားမဲ့မှုတွေကို မျက်ကွယ်ပြုချန်လှပ်ပြီး အရေးတော်ပုံရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကိုလည်း မျက်ကွယ်ပြုတဲ့အပြင် သမိုင်းဝင်ရာဇဝတ်မှုကျူးလွန်သူတွေကို ဖုံးဖိကာကွယ်ထားသလိုဖြစ်တယ်လို့ ပါရှိပါတယ်။
၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းတွေ အပါအဝင် ဗကသကျောင်းသားအဖွဲ့ဝင်တွေအနေနဲ့ ကျောင်းသားသမဂ္ဂတွေ တရားဝင်ရှင်သန်ရပ်တည်ရေးကို ဦးစားပေးလုပ်ဆောင်ပြီးမှ တကသအဆောက်အအုံ ဆောက်လုပ်ဖို့ကို ဆက်ပြီး စဉ်းစားစေချင်တာဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိအစိုးရက ဦးဆောင်ကာ ကျောင်းသားသမဂ္ဂ အဆောက်အအုံအဟောင်းနေရာမှာ အသစ်ပြန်လည် ဆောက်လုပ်မယ်ဆိုပြီး ဆောက်လုပ်ရေးပစ္စည်းတွေ လာရောက်ချထားခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲဒီလိုလုပ်ရပ်အပေါ် ကန့်ကွက်မှုတွေရှိခဲ့ပေမယ့် အခုချိန်ထိ ပစ္စည်းတွေ မဖယ်ရှားသေးပါဘူး။
ကျောင်းသားမဂ္ဂတွေ တရားဝင်တည်ရှိဖို့နဲ့ တကသအဆောက်အအုံ ပြန်ဆောက်ဖို့ကိစ္စတွေနဲ့ ပတ်သက်ပြီး ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးလှရွှေ၊ ဦးအောင်သူနဲ့ ဦးသက်တင်တို့က လက်ရှိအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ပြုဖို့ တောင်းဆိုတာဖြစ်ပါတယ်။