ကိုယ်စားပြုမှုကို ကျောင်းသားတွေ က သပိတ်တွေနဲ့ သက်သေပြမည်
2015.02.04

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဦးဆောင်တဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း ဟာ မနေ့က မကွေးမြို့မှာ လှည့်လည်ဟောပြောခဲ့ကြပြီး အဲဒီ့မှာပဲ ညအိပ်ရပ်နားခဲ့ကြပါတယ်။
ဒီအတောအတွင်း ပညာရေးပြုပြင်ပြောင်းလဲရေး ၄ ပွင့် ဆိုင် ဆွေးနွေးပွဲမှာတက်ရောက်နေတဲ့ ကျောင်းသား ကိုယ်စားလှယ်တွေအနေနဲ့ သပိတ်မှောက်ကျောင်း သားတွေကို တကယ်ကိုယ်စားပြု-မပြုဆိုပြီး အစိုးရဘက်က မနေ့က မေးခွန်းထုတ်ထားတဲ့အတွက် သူတို့ရဲ့ကိုယ်စားပြုမှုကို သပိတ်စစ်ကြောင်းတွေနဲ့ သက်သေပြမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ဗကသများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး မဖြိုးြဖိုးအောင်က RFA ကို ပြောပါတယ်။
"ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ က လက်ရှိသပိတ်စစ်ကြောင်းတွေကို ကိုယ်စားပြုမှု မရှိဘူး ဆိုတဲ့အသံတွေ သူတို့ကြားရတယ်ပေ့ါနော်၊ ဒါကြောင့် တကယ့်ကိုယ်စားပြုမှုရောရှိရဲ့လား၊ တစ်ခုခုအကြောင်းပြဖို့ လိုလိမ့်မယ်ဆိုတာမျိုး သူတို့ဘက် ကပြောတယ်၊ ကိုယ်စားပြုမှု မပြုမှုကို အစိုးရဘက်က မေးခွန်းထုတ်လာတဲ့အပေါ်မှာ ကျမတို့ဘက် ကနေပြီးတော့ ကျမတို့ရဲ့ သပိတ်စစ်ကြောင်းတွေကို ဒေသအသီးသီးကနေ ဆက်ပြီးတော့ထွက်လာပြီးတော့ ရန်ကုန်မြို့ကို သပိတ်စစ်ကြောင်း ချီတက်မှုမျိုးနဲ့ ကျမတို့ရဲ့ကိုယ်စားပြုမှုကို ထုတ်ဖော်ပြမယ်လို့ ကျမတို့ ဒီနေ့တစ်ခါတည်းဆုံးဖြတ်ပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်"
အခုလိုအခြေအနေမှာ အစိုးရဘက်က အကြမ်းဖက်ဖြိုခွဲမှာကို စိုးရိမ်တဲ့အကြောင်းနဲ့ နှစ်ဘက်ဆွေးနွေးပွဲတွေ အမြန်ဆုံးပြန်စဖို့ တိုက်တွန်းတဲ့အကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးက RFA ကို ပြောပါတယ်။
"နေပြည်တော်ဆွေးနွေးပွဲက ပျက်သွားတယ်၊ ဒီဘက်က သပိတ်စစ်ကြောင်းတွေကလည်း ဆက်လက်ပြီး ချီတက်မယ်ဆိုတဲ့အခါကျတော့ ဒီအခြေအနေကြီးဟာ အကြမ်းဖက်နည်းလမ်းနဲ့ အစိုးရဘက်က တုန့်ပြန်ပြီးဖြေရှင်းလာမှာကို ကျနော်တို့ကစိတ်ပူတယ်၊ အဲ့ဒါမျိုးကို ကျနော်တု့ိမဖြစ်စေချင်ဘူး၊ မယုံသင်္ကာ မှုတွေကတော့ရှိကြတာပဲ၊ အဲ့ဒါတွေကို ခဏဘေးဖယ်ထားပြီးတော့မှ ဆွေးနွေးပွဲကိုပဲ ပြန်ပြီး ဦးတည်စေချင်တယ်၊ အစိုးရရော ကျောင်းသားတွေဘက်ရော ကျနော်တို့တိုက်တွန်းတာ"
ဒီအတောအတွင်းမှာပဲ နေပြည်တော်ကပြန်လာတဲ့ ကျောင်းသားကိုယ်စားလှယ်တွေ၊ NNER ကိုယ်စားလှယ်တွေရဲ့နောက်ကို ထောက်လှမ်းရေးတွေ တောက်လျှောက်လိုက်လာခဲ့တယ်လို့ သိရပါတယ်။
ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။