မန္တလေးတက္ကသိုလ်တွေ အတွင်း ဆွေးနွေးပွဲ ကျင်းပခွင့် ကျောင်းသားတွေ ရရှိ
2014.11.28

အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်တဲ့ ဆွေးနွေး ပွဲတွေကို မန္တလေးတိုင်းရှိတက္ကသိုလ်တွေအတွင်း ကျင်းပခွင့်ရရှိရေးအတွက် စီစဉ်ပေးရန် သက်ဆိုင်ရာ
ပါမောက္ခချုပ်တွေက သဘောတူခဲ့ကြောင်း သိရပါတယ်။
ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ငါးဦး နဲ့မန္တလေးတက္ကသိုလ်ငါးခုက ပါမောက္ခချုပ်တွေ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ မနေ့က တွေ့ဆုံ ခဲ့ရာမှာအဲဒီလို သဘောတူညီချက်ရရှိခဲ့တာဖြစ်တယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂပြင်ပ ဆက်ဆံရေးတာဝန်ခံ ကိုနိုင်ရဲဝေ ကပြောပါတယ်။
"ကျောင်းထဲမှာ ဒီပညာရေး ဥပဒေနဲ့ ပတ်သက် ပြီးတော့ ဆွေးနွေးချင်တာရှိလို့ရှိရင် ဆရာတို့ဖက် ကလည်း ဆရာတို့ကြိုက်တဲ့လူကိုခေါ် ကျနော်တို့ ဖက်ကလည်း ကျနော်တို့ကြိုက်တဲ့လူကို ဖိတ်ခေါ် ပြီးတော့ ဒီကျောင်းထဲမှာ ဆွေးနွေးပွဲလုပ်တာမျိုးတို့ ပညာရေးဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြန်လည်ပြီးတော့ ရှင်းပြတာမျိုးတို့ ဒါမျိုးလုပ်ဖို့တော့ အကြိုသဘောတူ ညီချက်လေးပေါ့ အဲ့လိုမျိုးလေးတော့ရထားတယ်"
မန္တလေးခရိုင် ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသား၊ ကျောင်းသူ ၆ဝ ခန့်ကအမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း မန္တလေးမြို့မှာ ကြာသပတေးနေ့က ဆန္ဒပြခဲ့ကြပြီးနောက် ပါမောက္ခချုပ်တွေ ကကျောင်းသား၊ ကျောင်းသူတွေကို အခုလိုပထမဆုံးအကြိမ် တေ့ွဆုံဖို့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
မနေ့က ဆွေးနွေးပွဲမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၅ဦးက တက္ကသိုလ်ကျောင်းတွေအတွင်း ကျောင်းသားသမဂ္ဂ ရုံးခန်းနေရာတွေ သတ်မှတ်ပေးဖို့၊ စာဖတ်ဝိုင်းတွေ ထားပေးဖို့၊ ပိတ်ထားတဲ့ အဓိကတက္ကသိုလ်ဝင်ပေါက်တွေ ကို ပြန်လည်ဖွင့်လှစ်ပေးဖို့ နဲ့ကားရပ်နားရန်နေရာတွေ စီစဉ်ပေးဖို့လည်း ကျောင်း သားခေါင်းဆောင်တွေကတောင်းဆိုခဲ့ပါတယ်။
အဲဒီ ဆွေးနွေးပွဲကို ရတနာပုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနည်းပညာ တက္ကသိုလ်၊ ကျောက်ဆည် တက္ကသိုလ်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်က ပါမောက္ခချုပ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။