အဆင့်မြင့်ပညာရေး ဥပဒေ ကြမ်းရေးဆွဲရေး ကျောင်းသား ကိုယ်စားလှယ်တွေ တက်ရောက်


2015.05.26
students-education-discussion-305.jpg ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ အဆင့်မြင့် ပညာရေးဥပဒေကြမ်း ရေးဆွဲရေးကော်မတီရဲ့ "အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်း" ဆွေးနွေးပွဲကို ကျောင်း သားကိုယ်စားလှယ်တွေ လာရောက်လေ့လာစဉ်
Photo: NLD Chairperson Facebook

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူဆောင် ရွက်နေတဲ့ အဆင့်မြင့်ပညာရေးဥပဒေကြမ်း ရေး ဆွဲရေးကော်မတီက "အဆင့်မြင့်ပညာရေး ဥပဒေ မူကြမ်း" ဆွေးနွေးပွဲကို ဒီကနေ့ ကျင်းပရာမှာ ကျောင်း သားကျောင်းသူ ကိုယ်စားလှယ် ၁၂ ဦးကို တက်ရောက်လေ့လာခွင့်ပေးခဲ့ပါတယ်။

ဆွေးနွေးပွဲကို နေပြည်တော်မှာရှိတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အဆောက်အဦးမှာ ကျင်းပခဲ့တာပါ။ အမျိုးသားပညာရေး ဥပဒေရဲ့ နောက်ဆက်တွဲပညာရေး ဥပဒေတွေကို ရေး ဆွဲရတော့မှာဖြစ်တာကြောင့် အခုလို ဆွေးနွေးရ တာဖြစ်တယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ် က ပြောပါတယ်။

"အဆင့်မြင့်ပညာရေးဥပဒေ ရေးဆွဲဖို့အတွက်ကို အရင်တုန်းကလည်း ဒီကော်မတီကရှိပြီးသား၊ ဒါပေမဲ့ အမျိုးသားပညာရေးဥပဒေပြီးမှ ကျနော်တို့က ဆွဲလို့ ရမှာကိုး၊ အဲ့ဒါကြောင့် ပြန်ပြီးတော့ခေါ်တဲ့သဘောပဲ၊ အရင်တုန်းက အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့ကြတာပေါ့၊ အဲ့ဒါ အမျိုးသားပညာရေးဥပဒေ ရေးဆွဲနေတုန်း၊ အခုတော့ အမျိုးသားပညာရေးဥပဒေကလည်း ပြီးသွားပြီးတော့ နောက်တခါ ပြန်လည်ပြင်ဆင်ရေးလုပ်နေတာပေါ့၊ နှစ်ပတ်လောက်အတွင်း ပြတ်မယ်ပေါ့"

အမျိုးသားပညာရေးဥပဒေ အတည်ပြုပြီးနောက် အဆင့်မြင့်ပညာရေးဥပဒေ၊ မသင်မနေရ ပညာရေးဥပဒေ၊ အခြေခံပညာရေး ဥပဒေ၊ ဆရာအတတ်သင် ပညာရေးဥပဒေ၊ ပုဂ္ဂလိကပညာရေးဥပဒေနဲ့ အသက်မွေးပညာရေး ဥပဒေမူကြမ်းတွေကို ဆက်လက်ရေးဆွဲ အတည်ပြုရမှာဖြစ်တယ်လို့ သိရပါတယ်။

အဆင့်မြင့်ပညာရေးဥပဒေကြမ်းမှာ တက္ကသိုလ်တွေ လွတ်လပ်စွာစီမံခန့်ခွဲခွင့်နဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့် အသေးစိတ်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့တာဖြစ်ပြီး ကိုအောင်နေပိုင်၊ ကိုဘုန်းပြည့်ကြွယ်၊ ကိုနန်းလင်း၊ ကိုရဲဇာနည်ထွန်း၊ ကိုဇေယျာလွင်၊ ကိုချစ်ဝင်းမောင်၊ ကိုသန့်ဇင်ထွန်း၊ မအိမ့်ပိုချစ် စတဲ့ ကျောင်းသားကျောင်းသူကိုယ်စားလှယ် ၁၂ ဦး တက်ရောက်ခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။