ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ပုဒ်မ နှစ်ခုနဲ့ ထပ်မံတရားစွဲခံရ

2022.11.10
ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ပုဒ်မ နှစ်ခုနဲ့ ထပ်မံတရားစွဲခံရ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်း(ခ)မလင်းလင်း။
(ဓာတ်ပုံ - တကသကျောင်းသားဟောင်းများအင်အားစု ဖေ့ဘွတ်စ်)

အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံထားရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်း(ခေါ်) မလင်းလင်းကို နောက်ထပ်ပုဒ်မ နှစ်ခုနဲ့ ထပ်တိုးတရားစွဲဆိုလိုက်တယ်လို့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တာဝန်ခံ ဥက္ကဋ္ဌ က RFA ကိုပြောပါတယ်။

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တာဝန်ခံ ဥက္ကဋ္ဌ က “စစ်ကောင်စီဟာ နိုင်ငံရေးနဲ့အကျဉ်းကျသူတွေကို နိုင်ငံရေးပြစ်မှုတွေအပြင် မရှိ၊ ရှိတဲ့အမှုတွေနဲ့ စွဲချက်တင် ဖမ်းဆီးထောင်ချတာတွေရှိတဲ့အတွက် သူတို့ရဲ့ တရားစီရင်ရေးကို အယုံအကြည်မရှိဘူး ကျွန်တော်တို့ ရဲဘော်တွေ ဒီနေ့ထောင်ကလွတ် ဒီနေ့ပဲ ဒီမိုကရေစီ အရေးအတွက် ဆက်လုပ်သွားမှာ ဖြစ်တယ်။” လို့ ပြောပါတယ်။

မဆုရည်လင်း(ခေါ်) မလင်းလင်းဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲသွားတဲ့လမ်းမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့က ရန်ကုန်တိုင်း အင်းစိန်ထောင်တွင်း တရားရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

အခုနောက်ထပ်တိုးလာတဲ့ အမှုတွေဟာ လိမ်လည်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ နဲ့ စာရွက်စာတမ်း အတုပြုလုပ်မှု ပုဒ်မ ၄၆၈ တို့ ဖြစ်ပြီး ပြစ်ဒဏ်ထင်ရှားမယ်ဆိုရင် ထောင်ဒဏ် ခုနစ်နှစ်နဲ့ ငွေဒဏ်ပါ ချမှတ်ခံရနိုင် တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မဆုရည်လင်းရဲ့ ကျန်းမာရေးမကောင်းတဲ့အတွက် မိသားစုက စိုးရိမ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။