လပွတ္တာမြို့နယ်မှာ လေပြင်းတိုက်
2017.05.20
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှာ မနေ့က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ကျေးရွာတချို့က နေအိမ် ၁၇ဝ ကျော် ပျက်စီးခဲ့ပြီး လူတစ်ဦး မိုးကြိုးထိမှန်သေဆုံးကာ တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့နယ်ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စွာက ပြောပါတယ်။
လပွတ္တာမြို့နယ်၊ ကုက္ကိုလ်ကျေးရွာအုပ်စု၊ ကညင်ကွင်းကျေးရွာက နေအိမ် ၄ဝ ကျော် ပြိုကျပျက်စီးသွားပြီး အိမ် ၁၃ဝ လောက် အမိုးလန် ပျက်စီးကာ ကသန်းလေးကျေးရွာမှာ လူတစ်ဦး မိုးကြိုးထိမှန်သေဆုံးခဲ့တယ်လို့ ဦးကျော်စွာက ပြောပါတယ်။
"လေပြင်းတိုက်တာပေါ့၊ ကုက္ကိုလ်ကျေးရွာအုပ်စု ကညင်ကွင်းကျေးရွာ အိမ်ခြေ ၄၄ လုံး ပြိုကျပျက်စီး၊ အိမ်ခြေ ၁၃ဝ က အမိုးလန်၊ သွပ်ပြားရှဒဏ်ရာရတာ တစ်ဦးပေါ့၊ နောက်တစ်ခုက ကသန်းလေးကျေးရွာက ဦးထွန်းနောင် မိုးကြိုးထိမှန်ပြီး သေဆုံးတယ်"
ဒါ့အပြင် ကညင်ကွင်းကျေးရွာက တွဲဖက်အလယ်တန်းကျောင်းဆောင်၊ လွှစာကျေးရွာက နေအိမ်တစ်လုံး နဲ့ အောက်စကုကျေးရွာက ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတို့လည်း အမိုးလန်ပျက်စီးသွားတယ် လို့ ပြောပါတယ်။
လက်ရှိမှာ လေပြင်းဒဏ်ခံခဲ့ရတဲ့ နေရာတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ သွားရောက်ထောက်ပံ့ပေးဖို့ အတွက် ပြင်ဆင်နေပြီး အဲဒီကျေးရွာတွေဟာ ကားလမ်းမပေါက်တာကြောင့် စက်လှေနဲ့ သွားရတဲ့ကျေး ရွာတွေ ဖြစ်တယ်လို့လည်း ဦးကျော်စွာက ပြောပါတယ်။
ဧပြီလနဲ့ မေလအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ လေပြင်းတိုက်ခတ်မှုတွေကြောင့် နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ အဆောက်အဦတချို့ ပြိုကျပျက်စီးတာတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။