လွိုင်ကော်နဲ့ ရှားတောအစပ် ရွာတွေမှာ လေပြင်းတိုက်လို့ နေအိမ်တစ်ရာနီးပါး ပျက်စီး

RFA Burmese
2023.04.30
လွိုင်ကော်နဲ့ ရှားတောအစပ် ရွာတွေမှာ လေပြင်းတိုက်လို့ နေအိမ်တစ်ရာနီးပါး ပျက်စီး လေပြင်းတိုက်ခဲ့တာကြောင့် ပျက်စီးခဲ့သည့် လွိုင်ကော်နဲ့ ရှားတောမြို့နယ်အစပ်မှ နေအိမ်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Karenni Information Centre (KnIC

ကယားပြည်နယ်၊ လွိုင်ကော်နဲ့ ရှားတောမြို့နယ်အစပ်က ရွာသုံးရွာမှာ ဧပြီလ ၂၇ ရက်နေ့လယ်က လေပြင်းတိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်တစ်ရာနီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့နယ်ဘက်အခြမ်းက တာဝရွာမှာ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ရှားတောမြို့နယ်ဘက်အခြမ်းက တနော်ကလုရွာမှာ နေအိမ် ၂၄ လုံးနဲ့ စူးလဲရွာမှာ နေအိမ် ၇၄ လုံး ပျက်စီးခဲ့တယ်လို့ လွိုင်ကော် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီဘက်တွေက မြို့နဲ့အဝေးကြီးပဲ။ လွိုင်ကော်နဲ့ ရှားတောအစပ်မှာ ဖြစ်သွားတာ။ အခုနေအိမ်တွေ ပျက်သွားတယ်။ ဒေသခံတွေကတော့ ပြန်ပြင်ဖို့တော့ရှိတာပေါ့။ ဒီအတိုင်းနေလို့မှ မရတာ။ အိမ်တော်တော်များများ ပျက်သွားတယ်”

လေပြင်းတိုက်ခတ်ခဲ့လို့ နေအိမ်အများအပြား အကုန်လုံးပျက်စီးခဲ့ပြီး တချို့နေအိမ်တွေ လောက်သာ အမိုးအကာတွေ ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားကတော့ အဲဒီရွာတွေဟာ စစ်ဘေးရှောင်နေရတာရှိသလို နှစ်ဖက်တိုက်ပွဲငြိမ်တဲ့အခါ ရွာတွေကိုပြန်ပြီး တောင်ယာလုပ်ငန်းလုပ်ကြတဲ့ ဒေသခံတွေလည်းရှိတယ်လို့ RFA ကို ပြောပါတယ်။

လက်ရှိလည်း ပျက်စီးခဲ့တဲ့နေအိမ်တွေပြန်ပြင်ဖို့ အကူအညီလိုအပ်နေကြောင်း ဒေသခံတွေက ပြောတယ်လို့လည်း ကိုဗညားက ဆိုပါတယ်။

ကယားပြည်နယ်မှာရှိတဲ့ ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် စစ်ဘေးဒုက္ခအပြင် ရာသီဥတုပြောင်းလဲမှုဒဏ်ကိုပါ ခံနေကြရတာပါ။

ဧပြီလ ၂၁ ရက်ကလည်း စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့မှာ တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းနဲ့ လေဆင်နှာမောင်းကြောင့် လူရှစ်ဦးသေဆုံးပြီး စစ်ဘေးဒုက္ခသည်တွေရဲ့ နေရာတွေ အပါအဝင် နေအိမ် ၁၃၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။