မုန်တိုင်းကိုစိုးရိမ်ပြီး ဆန်ဝယ်မစုဖို့ ဆန်စပါးအသင်း တိုက်တွန်း

RFA Burmese
2023.05.08
မုန်တိုင်းကိုစိုးရိမ်ပြီး ဆန်ဝယ်မစုဖို့ ဆန်စပါးအသင်း တိုက်တွန်း ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဆန်ပွဲရုံတစ်ရုံအား ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်တဲ့အပေါ် စိုးရိမ်စိတ်နဲ့ ဆန်ဝယ်ယူစုဆောင်းနေကြ တာကြောင့် မေလ ၈ ရက် ဒီကနေ့မနက်ပိုင်းမှာပဲ ရန်ကုန်လက်လီဈေးကွက်ထဲမှာ ဆန်ဈေးနှုန်းကျပ်ထောင်ဂဏန်း မြင့်တက်သွားတယ်လို့ စားသုံးသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကလည်း ဆန်စပါးတွေ အပြည့်အဝရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ ဆန်စပါး ဝယ်ယူစုဆောင်းတာတွေ မလုပ်ကြဖို့၊ လိုအပ်တဲ့ ပမာဏကိုသာ ဝယ်ကြဖို့နဲ့ ပစ္စည်းမှန်၊ ဈေးနှုန်းမှန် ဝယ်ယူလို့ မရရင် အသင်းချုပ်နဲ့ ကုန်စည်ဒိုင်တွေကို ဆက်သွယ်ဖို့ မေလ ၇ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေါပုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက လက်ရှိ ရန်ကုန်လက်လီဈေးကွက်ထဲမှာ ဆန်တစ်အိတ်ကို ကျပ်နှစ်ထောင်ဝန်းကျင်လောက် ပုံမှန်ထက် ဈေးတက်သွားတယ်လို့ ပြောပါတယ်။

“နာဂစ်လိုဖြစ်နိုင်တယ်ဆိုပြီး ပြောနေကြလို့ ဆန်၊ ဆီလောက်တော့ ပိုပိုလျှံလျှံ ဝယ်ထားတယ်။ မနေ့က ညနေပိုင်း ဆန်ဈေးမေးခဲ့တော့ ပေါ်ဆန်းတစ်အိတ် ၁၃၂၀၀၀ ပဲရှိတာကို ဒီနေ့မနက်ကျတော့ ၁၅၀၀၀၀ ကျော်ဖြစ်သွားတယ်။ ကျန်တဲ့ဆန်တွေလည်း ဒီအတိုင်းတက်ကုန်တယ်။ လာဝယ်ကြတဲ့ သူတွေလည်းများတယ်။ နိုင်သလောက်ပေါ့ ဝယ်နေကြတာ”

ဖြစ်လာနိုင်တဲ့ မုန်တိုင်းအခြေအနေကြောင့် ဆန်ဈေးနှုန်း ဒီထက်ပိုတက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတယ်လို့ သူက ဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်တွေနဲ့ပတ်သက်ပြီး အရန်ရိက္ခာဆန်စပါး စုဆောင်းထားရှိမှုနဲ့ လိုအပ်တဲ့ စီစဉ်မှုတွေကိုလည်း ကြိုတင်ညှိနှိုင်းပြင်ဆင်ထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆန်စပါးနဲ့ပတ်သက်ပြီး ဘယ်လိုတွေပြင်ဆင်ထားလဲဆိုတာ အသေးစိတ်သိရဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အစည်းအဝေးရှိနေလို့ ဆိုပြီး နေလယ်အထိ အဖြေမရခဲ့ပါဘူး။

ဒီနေ့မနက် စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း မှာ နောက် ၁၈ နာရီအတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ပြီး မေလ ၉ ရက်မှာ မုန်တိုင်းငယ်အဖြစ်ရောက်နိုင်သလို မေလ ၁၀ ရက်မှာတော့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့မှာ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ် အားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။