အင်းစိန်ထောင်တွင်း တရားရုံး ပိုမိုတင်းကျပ်လာ

သြင်္ကန် ဗုံးဖောက်ခွဲရေးသမားအဖြစ် စွပ်စွဲခံထားရသူ ကိုဖြိုးဝေအောင်ရဲ့ အမှုကို မေလ ၂၃ ရက် မနေ့က အင်းစိန်ထောင်တွင်း ရုံးထုတ်စစ်ဆေးရာမှာ ထောင်အာဏာပိုင်တွေက စည်းကမ်းတွေ ပိုပြီး တင်းကျပ်လာခဲ့ပါတယ်။

2011.05.24
insein_prison_gate_305_z.jpg နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

သူ့အမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေ ၃ ဦးထဲက အဓိက အကျိုးဆောင်ရှေ့နေ ဖြစ်တဲ့ ဦးကျော်ဟိုး တယောက်ကိုသာ တရားခွင်ကို ဝင်ခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။ အရင်ကထက် ပိုပြီး အခြေအနေ ကျပ်တည်းလာတဲ့အကြောင်း ရှေ့နေ ဦးကျော်ဟိုးက အခုလို ပြောပါတယ်။

“အရင်တုန်းကဆိုရင် ကျွန်တော်တို့ အမှုစစ်လို့ရှိရင် မိသားစု မဝင်ရပေမဲ့ ကျွန်တော်တို့ အလုပ်သင် ရှေ့နေတွေကိုတော့ သူက ဝင်ခွင့်ပေးတယ်။ ထောင်ကရော၊ တရားရုံးရော၊ အခုဟာက ဒီ အစိုးရ အပြောင်းအလဲ ဖြစ်ပြီး ပထမဆုံး စ အမှုကို စစစ်တဲ့ နေ့ကျတော့ ကျွန်တော်တို့ မိသားစုလည်း ပေးမဝင်ဘူး၊ ကျွန်တော်တို့ အလုပ်သင် ရှေ့နေတွေလည်း ပေးမဝင်ဘူးပေါ့လေ။ ပိုကျပ်လာတယ်လို့ပဲ ကျွန်တော် ယူဆတာပေါ့။”

“ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအမှုကို စစ်ဆေးတဲ့အခါမှာ ခုနက ပြောသလို မိသားစု ပေးမဝင်တဲ့အပြင် ခါတိုင်းဝင်နေကျ အလုပ်သင်ရှေ့နေတောင် ပေးမဝင်ဘူးဆိုတော့ အဲဒါတွေကတော့ မဖြစ်သင့် မဖြစ်ထိုက်ဖူးပေါ့လေ။ ပိုပြီးတော့ ကျပ်တည်းလာတဲ့ ပုံစံ ရှိတာပေါ့ အမှုစစ်ဆေးတဲ့နေရာမှာ။”

ကိုဖြိုးဝေအောင်ရဲ့အမှုကို အင်းစိန်ထောင်တွင်း တရားရုံးက စစ်ဆေးနေခဲ့ရာမှာ မနေ့က ရုံးထုတ် စစ်ဆေးခဲ့တာကတော့ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ပထမဆုံးအကြိမ် စစ်ဆေးခဲ့တာပါ။ ဒါကြောင့် အစိုးရသစ် လက်ထက်မှာ ထောင်တွင်း တရားရုံး အခြေအနေတွေဟာ ကောင်းမွန် တိုးတက်လာတဲ့ အခြေအနေ မရှိသေးဘူးလို့ ရှေ့နေဦးကျော်ဟိုးက ပြောပါတယ်။

ကိုဖြိုးဝေအောင်ရဲ့အမှုကို မနှစ် ဧပြီလထဲက စတင် စစ်ဆေးနေရာမှာ အခုချိန်ထိ စွဲချက်တင်တဲ့ အဆင့်ထိတောင် မရောက်သေးဘူးလို့ သိရပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ တရားရုံးကိုယ်တိုင်က ဥပဒေနဲ့ မညီတဲ့ သက်သေခံချက်တွေကို လက်ခံ ဆောင်ရွက်ခဲ့တဲ့အကြောင်း ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင်က ဝေဖန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။