ညပိုင်းမှာ ရခိုင်ကို မုန်တိုင်းငယ် ဝင်ရောက်မည်
2018.05.29

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဒီနေ့ ညပိုင်းမှာ ရခိုင်ကမ်းရိုး တန်းဒေသတွေဖြစ်တဲ့ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားကနေ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီကို ၄၅ မိုင်ကနေ မိုင် ၅၀ ထိ တိုက်ခတ်ပြီး ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။
မုန်တိုင်းဖြတ်ကျော်ဝင်ရောက်မယ့်အချိန်ဟာ ည ၇နာရီလောက်ကနေ ည ၁၂ နာရီဝန်းကျင် အချိန်လောက်ဖြစ် တဲ့အတွက် မုန်တိုင်းဖြတ်သန်းမယ့်နေရာမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ သတိထားပြီး ဘေးလွတ်ရာ ကို ပြောင်းရွေ့နေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
"သတင်းထုတ်ပြန်ထားတဲ့ဟာမှာလည်း စစ်တွေနဲ့ ကျောက်ဖြူ ကြားထဲမှာရှိတဲ့ ကမ်းခြေဒေသတွေမှာ မုန်တိုင်းရဲ့ သက်ရောက်မှုရှိနိုင်တယ်၊ ဒီဒေသမှာရှိတဲ့ ပြည်သူတွေအနေနဲ့ အထူးဂရုပြုသင့်ပါတယ်။ ညအချိန်ဆိုတဲ့အတွက် ပိုပြီးတော့ သတိပြုသင့်တာပေါ့နော်၊ အဓိကတော့ နေ့ခင်းနေ့လည်အချိန်ကတည်းက လေဒဏ်မိုးဒဏ် မခံနိုင်ဘူး ဆိုရင် ဘေးအန္တရာယ်ကင်းရှင်းပြီး ခိုလှုံလို့ရမယ့်နေရာတွေ ကို ရွေ့ပြောင်းထားသင့်တယ်၊ အဓိက မုန်တိုင်းကို အနီရောင်အဆင့်လုပ်လိုက်တယ်ဆိုတာ အဓိက ပြည် သူတွေအနေနဲ့ ဘေးလွတ်တဲ့နေရာတွေကို ခိုလှုံဖို့အတွက် ကို အနီရောင်အဆင့်ကို ထုတ်ပြန်ပေး ရခြင်းဖြစ်တယ်။"
မုန်တိုင်းနဲ့အတူ မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် တောင်ကုန်း တောင်တန်းဒေသတွေမှာ မြေပြို မှု ဘေးအန္တရာယ်တွေ သတိပြုသင့်တယ်လို့ ဦးကျော်မိုးဦး ကပြောပါတယ်။
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ ရေယာဉ်တွေအားလုံးကို ရပ်နားထားဖို့ ရခိုင်ပြည်နယ် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက မနေ့ညနေကစပြီး ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ ရေယာဉ်တွေအားလုံး ရပ်နားထားဖို့နဲ့ ဘေးလွတ်ရာမှာခိုလှုံဖို့ ညွှန်ကြားထားတယ်လို့ ရခိုင်ပြည်နယ် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်ကျော် က ပြောပါတယ်။
မေလ ၃၁ ရက်နေ့မှာ အခြေအနေကိုကြည့်ပြီး ရေယာဉ်တွေအားလုံး ပုံမှန် ပြန်လည်ထွက်ခွာခွင့်ပြုဖို့ သင့် မသင့်ကို ညွှန်ကြားချက်ထုတ်ပြန်မှာဖြစ်ပါတယ်။
မုန်တိုင်းရဲ့ အရှိန်ကြောင့် မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တောင်ပိုင်းတို့မှာ ဒီနေ့ကနေ မနက်ဖြန် နေ့လည်ထိ တစ်နာရီကို ၃၀ မိုင်နှုန်းကနေ ၄၅ မိုင်လေပြင်းတိုက်ခတ် တာတွေ၊ မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်ကလည်း ခန့်မှန်း ထားပါတယ်။ မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသတွေမှာလည်း မိုးသက်လေပြင်းတွေ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၂ပေကနေ ၁၈ ပေအထိ လှိုင်းကြီးနိုင်တယ်လို့ မုန်တိုင်းငယ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခန့်မှန်းချက်ကို သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဟာ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနဲ့ ပူးပေါင်းပြီး မုန်တိုင်းဖြတ်သန်းမယ့် ရခိုင်ကမ်းရိုးတန်းဒေသမှာ မိုးလေဝသ သတိပေးချက်တွေ ထုတ်ပြန်တာ အသိပေးတာမျိုးတွေ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
မနေ့ကစပြီး တစ်နိုင်ငံလုံးနီးပါးမှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှာ ငါးဖမ်းစက်လှေတစ်စင်းနစ်မြုပ်ခဲ့ပါတယ်။ စက်လှေပေါ်လိုက်ပါလာတဲ့ ရေလုပ်သား ၂၀ ထဲက ၁၈ ဦးကို ရှာဖွေတေ့ွရှိခဲ့ပေမယ့် နှစ်ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် ဒီနေ့မနက်မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှာ နေအိမ် ၁၀၀ ဝန်းကျင်လောက် ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပါတယ်။