ကချင်ပြည်နယ်က တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ အဆို ပြည်သူ့လွှတ်တော် အတည်ပြု

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချက်ချင်းရပ်ဆိုင်းဖို့ ၊ ကေအိုင်အေနဲ့ အမြန်ဆုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်ဆောင်ရွက်ကြဖို့ နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းတွေကို တိုက်တွန်းလိုက်တဲ့ အဆိုပြုချက်တစ်ရပ်ကို ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။

2013.01.18

အဲဒီ ကချင်ပြည်နယ်အတွက် အရေးကြီးအဆိုနဲ့ ပတ်သက်ပြီး အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူက တင်သွင်းခဲ့တာပါ။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း ဒီအဆိုဟာ အင်မတန်ကောင်းမွန်တဲ့အဆို ဖြစ်တဲ့အတွက် သီးခြားဆွေးနွေးဖို့ မဖိတ်ခေါ်တော့ဘဲ လွှတ်တော်ကိုယ်စားလှယ်တွေကို သဘောတူ၊ မတူ မေးမြန်းတဲ့အခါမှာ ကန့်ကွက်မယ့်သူ လုံးဝမရှိတဲ့အတွက် ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုကြောင်း ကြေညာခဲ့ပါတယ်။

မြန်မာအစိုးရစစ်တပ်နဲ့ KIO/KIA တို့ဟာ ၂၀၁၁ ခုနှစ်၊ ဇွန်လ ကတည်းက နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာ အခုဆို တစ်နှစ်ကျော်လာပြီး ဇန်နဝါရီလ ၁၃ရက်နေ့ နောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုမိုအရှိန် ပြင်းထန်လာခဲ့ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးရရှိရေးနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတာဟာ ဒီကနေ့ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။