ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်များ အနိုင်ရပါတီဝင်တွေသာ ဖြစ်စေလို


2015.05.23
nbf-305 ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF နေပြည်တော် ရတနာသိင်္ဃဟိုတယ်မှာ ပုံမှန်အစည်းအဝေးပြုလုပ်စဉ်
Photo: Win Naung Toe/RFA

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဝန်ကြီးချုပ်ဖြစ် သူတွေကို နိုင်ငံတော်သမ္မတက အမည်စာရင်း ပေး သွင်းသူကို ဝန်ကြီးချုပ် ခန့်အပ်တာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ အများဆုံးအနိုင်ရတဲ့ ပါတီက ပါတီဝင်တွေကိုသာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုကြကြောင်း တိုင်းရင်းသား ပါတီပေါင်း ၂၁ ပါတီနဲ့ဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်းပါတီ ဆွေးနွေးပွဲက သဘောထားရှိကြ ပါတယ်။

ဒီနေ့ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကျင်းပတဲ့ ညီနောင် တိုင်း ရင်းသားပါတီများဖက်ဒရေးရှင်း NBF ရဲ့ ပုံမှန် အစည်းအဝေးမှာ ပါတီဝင်တွေက ဘုံသဘောထားပေး ခဲ့ကြတာလို့ NBF အဖွဲ့ဝင် ဦးစောသန်းမြင့် က ပြော ပါတယ်။

"သမ္မတက သဘောတူတဲ့ပုံစံနဲ့ ဝန်ကြီးချုပ်ခန့်ရမယ် ဆိုတာလေ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ အဲ့ဒါကိုပြန်ပြီးတော့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းအသီးသီးမှာ လွှတ်တော်မှာ အများဆုံးအနိုင်ရတဲ့ပါတီသာလျှင် ဝန်ကြီးချုပ်ဖြစ်ရမှာပေါ့၊ ဒီဟာဆွေးနွေးပြီးရင် လွှတ်တော်မှာ တင်ပြမယ်လေ၊ တင်လည်းတင်ပြပြီးသားပါ၊  တစ်ပါတီချင်းကတော့ အားလုံးတင်ပြပြီးသားဖြစ်မယ်၊ ဒါပေမဲ့ NBF နဲ့ လိုအပ်ရင် ကြေညာချက်ထုတ်ပြန် လက်ရှိ ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ  ထပ်ပြီးတော့ အားဖြည့်မယ်"

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၅ မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချူပ်တွေကို ခန့်အပ်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက သင့်တော်တဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ရွေးချယ်ပြီး လွှတ်တော်ရဲ့ သဘောတူညီချက်ရယူရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် အဲ့ဒီပုဂ္ဂိုလ်တွေအနေနဲ့ အရည်အချင်းမပြည့်မီဘူးဆိုရင် နိုင်ငံတော်သမ္မတက အမည်စာရင်း ပေးသွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ငြင်းပယ်ခွင့်မရှိဘဲ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရမယ်လို့လည်း ဥပဒေမှာ ထည့်သွင်း ထားပါတယ်။

တိုင်းရင်းသားပါတီတွေအနေနဲ့က သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးမှာ အများဆုံး အနိုင်ရတဲ့ ပါတီက ပါတီဝင်တွေကိုသာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။