အကြမ်းဖက်သူတွေကို အရေးယူဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း အမေရိကန်ပြော

2021.02.22
အကြမ်းဖက်သူတွေကို အရေးယူဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း အမေရိကန်ပြော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken
(Photo: Reuters)

မြန်မာပြည်သူတွေရဲ့ဆန္ဒကို ဖိနှိပ်နေသူတွေကို နောက်ထပ် အရေးယူ ဆောင်ရွက်ဖို့ အမေရိကန်အနေနဲ့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၂ ရက် ညပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဌာနက တရားဝင်ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲ ဒီမိုကရေစီအုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သတ္တိရှိရှိ ပြတ်ပြတ်သားသား ထုတ်‌ဖော်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေကြောင်း ဒီကြေညာချက်မှာ ဖော်ပြပါတယ်။

လက်နက်မပါတဲ့ ဆန္ဒပြပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ရက်ရက်စက်စက် တိုက်ခိုက်မှုကြောင့် ၄ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့တဲ့အပေါ် မိမိတို့ ရှုတ်ချကြောင်းလည်း ပြောပါတယ်။ ဒါ့ပြင် နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ ရာနဲ့ချီပြီး ဆက်လက်ဖမ်းဆီးနေတဲ့အပေါ် ရှုတ်ချကြောင်းလည်း ပြောပါတယ်။

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကို လက်မခံနိုင်တဲ့အကြောင်း မြန်မာစစ်တပ်ကို ပြောကြားထားပြီး ဖြစ်သလို ဒီကနေ့မှာ စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် (ဗိုလ်ချုပ်ကြီး) မောင်မောင်ကျော်နဲ့ (ဒု-ဗိုလ်ချုပ်ကြီး) မိုးမြင့်ထွန်းတို့ နှစ်ဦးကို အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ ထည့်သွင်းလိုက်ကြောင်းလည်း ပြောပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ဖို့ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို တောင်းဆိုလိုက်ပြီး မတရား ဖမ်းဆီးထား သူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ သတင်းထောက်တွေ တက်ကြွ လှုပ်ရှားသူတွေကို တိုက်ခိုက်တာတွေ ရပ်တန့်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်လွှဲပေးဖို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဏာသိမ်းခေါင်းဆောင်တွေ၊ အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ပူးပေါင်း လုပ်ဆောင်သွားမယ်လို့လည်း ပြောလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-02-23 00:49

welcome for supporting by US